• Today is: Tuesday, April 30, 2024

လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့များ အားလုံးမပါဝင်လာခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာ နေရခြင်းဖြစ်ကြောင်း PPST ပြော

ဧပြီ – ၄ (ချင်းမိုင်)

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် လက်နက်ကိုင်အင်အားစုများနှင့် နိုင်ငံရေးအဖွဲ့အစည်းများ အားလုံး ပါဝင်ရန်လိုအပ်ကြောင်း ဒီကနေ့ကျင်းပပြုလုပ်တဲ့ NCA-S EAO စတုတ္ထကြိမ်ညီလာခံ (ဒုတိယပိုင်း) သတင်းစာရှင်းလင်းပွဲတွင် PPST မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ PPST အနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာသွားရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။ ပါဝင်သင့်

ပါဝင်ထိုက်သည့် နိုင်ငံရေး အင်အားစုများ မပါဝင်ပါက မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံရေးပြဿနာများကို ဆွေးနွေးအဖြေရှာခြင်းနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည် အနာဂတ်တွင် အားလုံးအတွက် အကျိုးရှိနိုင်မည်ဟု ယုံကြည်ကြောင်း PPST အဖွဲ့ဝင်ပြောရေးဆိုခွင့်ရှိသူ ဆရာမစောမြရာဇာလင်းက ဆိုသည်။ 

“မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းတဲ့အခါမှာ အားလုံးပါဝင်ရေးပေါ့လေ၊ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေ ပါဝင်ရေးဆိုတာကို ကျမတို့က လက်မှတ်မထိုးခင်ကတည်းက ကြွေးကြော်ခဲ့ပါတယ်။ မူချပြီးတော့လည်း လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် ဆိုးကျိုးတစ်ခုကို ကျမတို့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါက ဘာလဲဆိုလို့ရှိရင် လက်မှတ်ထိုးမယ့်စဲစဲမှာပဲ ကိုးကန့်တိုက်ပွဲတွေပေါ်လာတယ်၊ ၆ဖွဲ့က လက်မှတ်မထိုးရဘဲ ကျန်ခဲ့တယ်။ သတ်မှတ်ချက်နဲ့ မပြည့်စုံဘူးဆိုတဲ့ အနေအထားမှာ ၆ဖွဲ့ ကျန်ခဲ့တယ်။ ဒါဟာဆိုလို့ရှိရင် ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေဖို့ အကြောင်းတစ်ရပ်လည်းရှိခဲ့ပါတယ်” ဟု ဆရာမစောမြရာဇာလင်းက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ဆွေးနွေးအဖြေရှာရေးလမ်းကြောင်းဖြင့် ဆောင်ရွက်ခြင်းသည် အညှင်သာဆုံးသော နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း PPST ကယုံကြည်ထားသည်။ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာရန်အတွက်လည်း PPST အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အာဏာသိမ်းစစ်ကောင်စီ၊ အမျိူးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံရေးပါတီများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  ထိုအခြေအနေကို အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်း ဆိုသည်။

“အထူးသဖြင့်ဆိုရင် SAC ရှိတယ်၊ NUG ရှိတယ်၊ နိုင်ငံရေးပါတီတွေရှိတယ်။ ယျေဘုယအားဖြင့် ကျမတို့ထောက်ပြလို့ရတဲ့ အနေအထားကိုထောက်ပြတာပါ။ ညှိရဦးမှာပါ ကျမတို့က အခုရေတွင်းတူးပြီးတော့ အခုရေကြည်သောက်တဲ့အနေအထားတွေကလည်း အင်မတန်ခက်ပါတယ်။ မြန်မာ့နိုင်ငံရေး အခုလက်ရှိ အနေအထားက အင်မတန်မှခက်တဲ့အနေအထားမှာရှိနေပါသေးတယ်” ဟု ဆရာမစောမြရာဇာလင်း က ပြောသည်။

ညီလာခံတွင် အချက် ၈ ချက်ပါဝင်သည့် PPST ၏လမ်းပြမြေပုံ အသစ်ကိုရေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။ သတင်းစာရှင်းလင်းပွဲတွင် လမ်းပြမြေပုံတွင် ပါဝင်သည့်အချက်များကိုမူ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ ညီလာခံတွင် PPST ၏ စုဖွဲ့မှုပုံစံသစ်ကိုလည်း အတည်ပြုနိုင်ခဲ့ပြီး တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၂ ဦး ပါဝင်သည့် ပုံစံကို အတည်ပြုနိုင်ခဲ့သည်။

လက်ရှိတွင် PPST ၏ ဦးဆောင်မှုကော်မတီကို  နိုင်အောင်မင်း(အဖွဲ့ခေါင်းဆောင်) ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (အဖွဲ့ဝင်)၊ ခိုင်စိုးနိုအောင် (အဖွဲ့ဝင်)၊ ဒေါက်တာနော်ကပေါ်ထူး (အဖွဲ့ဝင်) နှင့် ရဲဘော်မျိူးဝင်း ( Coordinator ) တို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ညီလာခံဒုတိယပိုင်းကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။