• Today is: Thursday, May 16, 2024

ဖားကန့်တွင် Mytel အင်တာနက်လိုင်း ပြန်လည်အသုံးပြုခွင့်ရ

Getty Images

ဧပြီ ၆၊ ၂၀၂၂ (ဖားကန့်)

ဖားကန့်မြို့တွင် Mytel အင်တာနက်လိုင်းကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်း၌ တနာရီခန့် အသုံးပြုခွင့် ရရှိခဲ့ပြီး ယနေ့နံနက်ပိုင်းမှစ၍ အချိန်ကြာ အင်တာနက်လိုင်းပြန်အသုံးပြုခွင့် ရရှိနေကြောင်း ဒေသခံတဦးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

၎င်းက “လော်လော်ဆယ် Mytel တမျိုးတည်းပေါ့ 4G တက်တဲ့ အင်တာနက်လိုင်း ပြန်လည်အသုံးပြုခွင့် ရနေကြသာတော့ ဟုတ်ပါတယ်။ 4G တက်တဲ့ အင်တာနက်လိုင်းသာပြောတာ ပုံမှန် အသုံးပြုသလို ရုပ်သံတွေ၊ ဓါတ်ပုံတွေက တန်းပြီး မတက်လာဘူး အကြာကြီးစောင့်ရေတယ်။ ပြီးတော့ တချို့လူတွေက သုံးနေကြပြီ တချို့ကလည်း သုံးလို့မရသေးဘူးလို့ ပြောကြတယ်” ဟု ပြောသည်။

Mytel အင်တာနက်လိုင်း ပြန်လည်အသုံးပြုခွင့် ရရှိလာသောကြောင့် ဖုန်းဆင်းကဒ်တခုကို ၃ သောင်းကျပ် ပေါင်းစျေးဖြစ် ရောင်းအား တက်သွားကြောင်းလည်း သိရသည်။

ဖားကန့်မြို့တွင် စစ်ကောင်စီတပ်မှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှစပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ထားရာ ယနေ့ချိန်ထိဆိုလျှင် ၈လနီးပါးရှိလာပြီဖြစ်သည်။