• Today is: Monday, April 29, 2024

ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း မိုင်းထားတွင် UWSA နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွား

ဧပြီ ၆၊ ၂၀၂၂ (မိုင်းထား)

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းထားမြို့နယ်မှာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSAနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ RCSS တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေပြီး နှစ်ဖက် ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။

“ဝ”ပြည်တောင်ပိုင်း UWSA (၁၇၁) စစ်ဒေသမှာ RCSSနဲ့ တိုက်ပွဲဖြစ်နေတာနဲ့ပက်သက်ပြီး UWSAရဲ့ ပြင်ပ ဆက်ဆံရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက အခုလိုအတည်ပြု ပြောထားသည်။

၎င်းက “ယမန်နေ့နံက်ပိုင်းတွင် မိမိတို့ထိန်းချုပ်နယ်မြေ မုန်းထဒေသရှိ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မိမိတို့တပ်ဖွဲ့ဝင်အင်အား(၁၈)ဦး စခန်းချရာနေရာသို့ RCSS တပ်ဖွဲ့မှအင်အား၂၀ခန့် နယ်‌မြေကျူးကျော် ဝင်ရောက်လာခဲ့သဖြင့် မိမိတို့”ဝ”တပ်ဖွဲ့မှကောင်းမွန်စွာ မေးမြန်းစဉ် RCSSအဖွဲ့မှအခွင့် ကောင်းယူကာ စတင် ပစ်ခတ်သဖြင့် မိမိတို့”ဝ”တပ်ဖွဲ့ဝင် ရဲဘော်တဦး ကျဆုံးခဲ့ရပြီးနောက် နယ်မြေရှင်းလင်းရေးအတွက် အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခဲ့ရာ RCSSဘက်မှ(၅)ဦး ကျဆုံးပြီးနောက် လက်နက်ငယ်၆လက် ရရှိခဲ့ပြီး နောက် မိမိတို့ဘက်မှ တပ်ဖွဲ့ဝင်(၂)ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သည်” ဟု ဦးညီရမ်းကသူ့ရဲ့ လူမှုကွန်ရက် Facebook မှတဆင့် ရေးသားထားသည်။

ဖေဖော်ဝါရီလ ၂ရက်နေ့က လွယ်မန်ထုံကြားခံနယ်မြေအတွင်းကို RCSS အဖွဲ့က ကျူးကျော် ဝင်ရောက်လာ ပြီးနောက် စနိုက်ပါနဲ့ ချောင်းမြောင်းပြစ်ခတ်ခဲ့တာကြောင့် ဝတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး သွားကြောင်းလည်း ၎င်းက ဆိုထားသည်။

တဘက်မှလည်း UWSA စစ်သည်များက မိုင်းထားမြို့နယ်ခွဲ၌ အခြေစိုက်နေသော RCSS/SSA တပ်မဟာ(၇၅၇) တပ်ရင်း (၂၀၁) ၏ စစ်သည်များကို ယမန်နေ့က ဦးစွာ စတင်တိုက်ခိုက်ခဲ့သည်ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံက Hsan Loi Voice သို့ ပြောဆိုထားသည်။

၎င်းက “UWSA ဘက်က ကျနော်တို့ရဲ့ တပ်မဟာ (၇၅၇) မှ တပ်ရင်းတစ်ခု၊ လွယ်မုတ့်နန်းလင်းတောင်က စစ်သည်တွေကို တမင်ရည်ရွယ်ပြီးတော့ အရင်တက်လာပြီး တိုက်တာပါ၊ သူတို့ဘက်က (UWSA) လက်နက်ကြီးနဲ့ မိနစ် ၂၀ လောက် ကျနော်တို့ဘက်ကို အရင်စပစ်ပါတယ်။ ပြီးတော့ အင်အားနဲ့ အဖွဲ့လိုက်တက်လာပြီးတော့မှ လက်နက်ငယ်တွေနဲ့ ပစ်တာပါ” ဟု ပြောသည်။

နှစ်ဘက်ကျဆုံးဒဏ်ရာရရှိမှုများ ရှိကြောင်း သတင်းများထွက်ပေါ်နေသည့်ကိစ္စကို ဆက်လက် မေးမြန်းရာ နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ UWSA ဘက်မှ ထိခိုက်သေဆုံးမှုများ များစွာရှိနိုင်ကြောင်းနှင့် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ယမန်နေ့ ညပိုင်းခန့်က သယ်ယူပို့ဆောင်ရေးလုပ်နေကြောင်း ၎င်းက ပြောဆိုထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း RCSS ထိန်းချုပ်နယ်မြေ လွိုင်တိုင်းလျန်နဲ့ UWSA “ဝ”တပ်ဖွဲ့ (၁၇၁) စစ်ဒေသ နယ်မြေတွေဟာ ထိစပ်နေတာဖြစ်ပြီး အခုလိုတိုက်ပွဲ အခြေအနေတို့ကြောင့် နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပွား လျက်ရှိသည်။