• Today is: Thursday, March 28, 2024

ရုရှားပြင်လျှင် လက်နက်ခဲယမ်း မလုံမလောက်ဖြစ်နေပြီ၊ စစ်ကောင်စီတပ်လည်း ကြာကြာထိန်းနိုင်မလား

ရုရှားပြင်လျှင် လက်နက်ခဲယမ်း မလုံမလောက်ဖြစ်နေပြီ၊ စစ်ကောင်စီတပ်လည်း ကြာကြာထိန်းနိုင်မလား

ဆလိုင်း    

ရုရှားနိုင်ငံဟာ ကမ္ဘာ့ပေါ်မှာ လက်နက်ရောင်းချမှုအများဆုံး ဒုတိယနေရာတွင် ချိတ်ထားပြီး ကမ္ဘာ့လက်နက်စျေးကွက်ရဲ့  ၂၀ရာခိုင်နှုန်းကို ဖြည့်စည်းနိုင်ခဲ့ပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံပြင်လျှင် သူ့ရဲ့ ကာကွယ်ရေးလက်နက်၏ ၄၆ ရာခိုင်နှုန်းကို ရုရှားဆီမှ တင်သွင်းခြင်းဖြစ်ပါတယ်။

သို့သော် စစ်ပွဲတစ်ခုဆိုသည်မှာ အင်မတန် အကုန်အကျများပါတယ်။ ငါးလကြာ ယူကရိန်း စစ်ပွဲမှာ ရုရှားအနေဖြင့် လက်နက်ခဲယမ်း တော်တော်များများ သုံးဖြုန်းလိုက်ပြီး ယခုဆိုလျှင် တရုတ်နိုင်ငံနှင့် အီရန် နိုင်ငံတို့တွင် လက်နက်ရရှိရန် ချဉ်းကပ်နေရတဲ့အဆင့် ရောက်ပြီဟု သိရပါတယ်။

ယူကရိန်းနိုင်ငံနှင့် စစ်ပွဲအတွင်း ရုရှား စစ်သား သုံးသောင်းကျော်ကျဆုံးပြီး ခြောက်သောင်းကျော် ဒဏ်ရာရဖမ်းဆီး ခံရတဲ့အပြင် သူ့ရဲ့ တင့်ကား ၁၂,၅၀၀ ထဲက ၁၆၀၀ ပျက်စီး၊ ဟတ်ယဉ် ၁,၅၄၃ ရှိတဲ့ထဲက ၁၈၆ ပျက်စီး၊ တိုက်လေယဉ် ၄၀၀၀ ခန့်ရှိတဲ့ထဲက ၂၁၇ ပျက်စီး၊ သံချက်ကာနှင့်အခြားယဉ် အစီးပေါင်း ၆၃၀၀ ကျော် ပျက်စီးသွားပြီဖြစ်ပါတယ်။ ယခု စစ်ပွဲက မပြီးသေး။ ဆက်တိုက်ဖို့ ဘယ်လောက်သုံးရဉီးမလဲ၊ ဘယ်လောက် ပျက်စီးရဉီးမှာလဲ။  

ဆိုဗီယက်ခေတ်တုန်းက တင့်ကားတွေကိုပါ စစ်ပွဲမှာထုတ်သုံးနေတာ တွေ့ရှိခြင်းအားဖြင့် ရုရှားစစ်တပ်မှာ ခေတ်ပေါ်လက်နက် ပြတ်လပ်မှု အကြီးအကျယ် ကြုံတွေနေတာကို ပြသပါတယ်ဟု ဗြိတိန် ကာကွယ်ရေးဌာနမှ မှတ်ချက်ပေးပါတယ်။ ထိုထက်ပိုဆိုးတာက ဇူလိုင်လဆန်းပိုင်းမှာ ရုရှားအောက် လွှတ်တော်၌ လက်နက်ပစ္စည်း အပျက်အယွင်းများ မြန်မြန် ပြုပြင်ရေး ဉပဒေကြမ်း တင်သွင်းရတဲ့အဆင့် ရောက်ရှိသွားခြင်းဖြစ်ပါတယ်။

ဆိုလိုတာကတော့ ကမ္ဘာမှာ လက်နက်အင်အား ဒုတိယအကြီးဆုံးနိုင်ငံဟု တင်စားခံရတဲ့နိုင်ငံ၊ စစ်ကောင်စီက ဘုရားကဲ့သို့ အားကိုးနေရတဲ့နိုင်ငံပြင်လျှင် ငါးလကြာ စစ်ပွဲအတွင်း လက်နက်ခဲယမ်း စိန်ခေါ်မှု ကြုံနေရတာ နှစ်နဲ့ချီ စစ်ပွဲခင်းနေတဲ့ မြန်မာနိုင်ငံကရော ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ။

နိုင်ငံတော်ရဲ့ ယန္တရားကို ဆုတ်ကိုင်ထားတဲ့သူဆိုတော့ လက်ရှိအချိန်ထိတော့ လက်နက်ခဲယမ်းကို ဖောဖောသီသီ သုံးစွဲနိုင်သေးတယ်လို့ ဆိုနိုင်ပါတယ်။ ယဉ်တန်းရှည်နဲ့ ခရီးထွက်တဲ့အခါတိုင်း လက်လှမ်းမှီရာ အရပ်လေးမျက်နှာကို ရမ်းသန်းပစ်ပြီး ကျည်ဆံကို မိုးရွာသလို ရွာခိုင်းပြီးမှ ခရီးဆက်သွားကြတာဖြစ်ပါတယ်။ ယဉ်တန်းခရီးတစ်ခေါက်မှာ ကျည်ဆံဘယ်လောက်ကုန်မလဲ။ ငွေကြေးဘယ်လောက်ကုန်မလဲ။

နိုင်ငံတော် စီးပွားရေးလည်း အဘက်ဘက်မှ ထိုးကျနေသည်နှင့်အမျှ စစ်ကောင်စီရဲ့ ယန္တရားနှင့် ဓနလည်း ကျဆင်းလာသည်ဖြစ်ရာ လက်နက်ခဲယမ်းသုံးစွဲနိုင်မှုလည်း အနည်းနှင့်အများ ထိခိုက်လာတော့မည်လို့ ခန့်မှန်းရပါတယ်။