• Today is: Wednesday, April 17, 2024

မြန်မာစစ်တပ်၏ အထာ (သို့မဟုတ်) လက်နက်မရှိတဲ့ ဒီ/ချုပ်နဲ့ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ PDF ကို မြန်မာစစ်တပ် လူရာမသွင်း

မြန်မာစစ်တပ်၏ အထာ (သို့မဟုတ်) လက်နက်မရှိတဲ့ ဒီ/ချုပ်နဲ့

မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ PDF ကို မြန်မာစစ်တပ် လူရာမသွင်း

●───── ๑۩۩๑ ─────●

မင်းသေ့

ဖော်ပြပါသတင်း နှစ်ပုဒ်ရဲ့ အဆက်အစပ်ကို လူပိန်းနည်းနဲ့ကြည့်ရင်ကို၊ ထင်ထင်ရှားရှားမြင်ရတာ ရှိပါတယ်။ အဲဒါကတော့ — မြန်မာစစ်တပ်ဟာ လက်ရုံးကို အားကိုးတယ်။ သူပြောတဲ့ ငြိမ်းချမ်းရေးဆိုတာဟာ စစ်ရေးဗျူဟာ မှာ အသုံးပြုတဲ့နည်းစဉ်တစ်ခုသာ ဖြစ်တယ်။

မြန်မာစစ်တပ် ယုံကြည်တဲ့ တစ်သတ်မတ်တည်းသော လမ်းစဉ် မဟုတ်ဘူး။ လက်ရုံးရှိမှ ဘုန်းရှိတယ်လို့ယူဆတဲ့ လက်ရုံးဝါဒီဟာ — စစ်ရေးကိုပဲ အင်အားလို့ ထင်ပါတယ်။ စစ်ရေး အင်အား မကြီးရင် လူရာမသွင်းဘူး။ မထီမဲ့မြင်လုပ်တယ်။

လူထုဆီက ဘယ်လောက်ပဲ အုံလိုက်ကျင်းလိုက် ထောက်ခံမှု ရနေပါစေ၊ ဒါကို လက်ရုံးဝါဒီတွေက အင်အားလို့ မထင်ဘူး။ စစ်လက်နက်အင်အားကြီးတဲ့ တပ်မကြီး တွေ၊ ခေတ်မီ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်လက်ရုံးတွေ ဆန့်တန်းနိုင်မှ၊ လူရာသွင်းတယ်၊ အထင်ကြီးတယ်။

အတိတ်မှာ မြန်မာ စစ်တပ်လုပ်ဆောင်ခဲ့တဲ့ — လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်တယ်ဆိုတဲ့ကိစ္စ။ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ကိစ္စတွေကို ကြည့်ရင် မြန်မာစစ်တပ်ဟာ သူ အသက်ရှုပေါက်ချောင်ချင်ရင် ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံး၊ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ စကားလုံးကို အစဉ်တစိုက် စွဲစွဲမြဲမြဲ သုံးနှုန်းတာကိုတွေ့ ရတယ်။ လက်နက်မရှိရင် အထင်မကြီးဘူး၊ လူရာမသွင်းဘူး၊ လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ သဘောထားဟာ မြန်မာ စစ်ခေါင်းဆောင်တွေမှာ အပြည့်အဝ ရှိတယ်။

■ လက်နက်အင်အားကြီးခြင်း – မကြီးခြင်း ■

လက်နက် ရှိသူနဲ့ လက်နက် မရှိသူအပေါ်မှာ သဘောထားတဲ့ လက်ရုံးဝါဒီတွေရဲ့ အမြင်ဟာ အတော်ကွဲပြားတယ်။ လက်နက်ကိုင်တပ် ရှိခြင်း – မရှိခြင်းအပေါ် မြန်မာစစ်တပ်ရဲ့ အမြင်ဟာ အတော်ကွဲပြားသလို၊ လက်နက်ကိုင်တပ် အားကြီးခြင်းနဲ့ အားမကြီးခြင်းအပေါ်မှာလည်း သူ့ရဲ့ အမြင်သဘောထား ဆက်ဆံရေးဟာ အတော်ကွဲပြားတယ်။

ဒါကို ၂၀၁၂ နဲ့ ၂၀၁၅ ခုနှစ်တွေအကြားက ရက္ခိုင့်တပ်တော် (အေအေ) အပေါ်ထားတဲ့ သဘောထားနဲ့ လက်ရှိ ၂၀၂၁ – ၂၀၂၂ ခုနှစ်အတွင်းမှာ တွေ့ရတဲ့ ရက္ခိုင့်တပ်တော် (အေအေ) အပေါ်ထားတဲ့ မြန်မာစစ်တပ်ရဲ့ သဘောထားကို နှိုင်းယှဉ်ကြည့်ရုံနဲ့ သိနိုင်တယ်။

၂၀၁၂ – ၂၀၁၅ ကာလတွေတုန်းက မြန်မာစစ်တပ် မထီမဲ့မြင်ပြုမူ၊ ပြောဆိုခဲ့တဲ့ ရက္ခိုင့်တပ်တော် (အေအေ) ကို ယခု ၂၀၂၁ – ၂၀၂၂ မှာ ဒီလို သဘောမထားနိုင်တော့ဘဲ၊ စစ်အင်အားကြီးမားလာ ခြင်းကြောင့် မြန်မာစစ်တပ်ရဲ့ အထင်အမြင်ကလည်း ပြောင်းလဲဆက်ဆံလာတာကို ထင်ရှားစွာ တွေ့နိုင်တယ်။

ထိုနည်းလည်းကောင်းပဲ၊ လက်နက်အင်အားအတောင့်တင်းဆုံး – ဝ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကြီးတွေ အပေါ် သဘောထားနဲ့ ယခု လက်ရှိပစ္စုပ္ပန်ကာလမှ ပေါ်လာတဲ့ လက်လုပ်တူမီးနဲ့ ခုခံတိုက်ခိုက်တဲ့ PDF အဖွဲ့တွေအပေါ် ထားတဲ့ မြန်မာစစ်တပ်ရဲ့ သဘောထားကလည်း မိုးနဲ့ မြေလို ကွာဟနေတာကို ထင်ရှားစွာ တွေ့ရတယ်။

■ လက်နက်ကိုင်လမ်းစဉ်အပေါ် တွေဝေနေတဲ့ ဒီ/ချုပ် ■

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လက်နက်ကိုင်တပ် မရှိပါဘူး။ ၁၉၆၂ နောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်း တိုက်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ လက်နက်ကိုင်အင်အားတောင့်တင်းခဲ့ဖူးပါတယ်။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ လက်နက်ကိုင်တပ် ရှိနေပြီလို့ ပြောနိုင်သလား။ ဒီ/ချုပ်အနေနဲ့ မပြတ်သားပါဘူး။

ဒီ/ချုပ်ပါတီဝင်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ခေါင်းဆောင်ပြီး ပါဝင်နေကြသော်လည်း၊ ဒီ/ချုပ်အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်နေတယ်လို့ ၊ ပါတီကိုယ်စားပြု ထုတ်ပြန်တာကို မတွေ့ရပါဘူး။ တည်ဆဲဦးဆောင် တဲ့ ခေါင်းဆောင်တွေ ထောင်ချခံနေရတာကြောင့် ဆိုတဲ့ အကြောင်းပြချက်ကိုပြပြီးတော့ — လက်နက်ကိုင် လမ်းစဉ်အပေါ်မှာ မပြတ်သားတဲ့ စိတ်အခံရှိနေပါတယ်။

လောလောဆယ် NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ဦးဆောင်တဲ့ လက်နက်ကိုင်လမ်းစဉ်ကိုလည်း ဒါဟာ ဒီ/ချုပ် လုပ်တာလို့ ပြည့်ပြည့်ဝဝ မခံယူတာတွေ့ရပါတယ်။ ဒါ့ကြောင့်လည်း NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) အပေါ်မှာ ဒီ/ချုပ်ရဲ့ သဘောထားအမြင်ဟာ သို့လော သို့လော ဖြစ်နေတာတွေ့ရပါတယ်။

■ PDF ကို လူရာမသွင်းတဲ့ မြန်မာစစ်တပ် ■

ဒီ/ချုပ်ဟာ ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့စည်းရေးအပေါ်မှာ တွေဝေနေပေမယ့်၊ မြန်မာစစ်တပ်ကတော့ လက်နက် ရှိသူကိုမှ အရေးအရာသွင်းပြီး လူရာသွင်းဆက်ဆံတာကို လုပ်နေတာတွေ့ရပါတယ်။ မနေ့ တစ်နေ့ကမှ လက်နက် ကိုင်တော်လှန်လာတဲ့ ပြည်သူ့ကာကွယ်ရေးအုပ်စု (PDF) တွေကို မြန်မာစစ်တပ် က လူရာမသွင်းဘဲ၊ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ထဲမှာ စကားထဲထည့်ကို မပြောဘူး— ဆိုတဲ့ အထာကို ချိုးတာ တွေ့ရပါတယ်။

ဒါကို ရက္ခိုင့်တပ်တော် (အေအေ) လည်း ခံစားခဲ့ရဖူးပါတယ်။ သို့သော်လည်း ရက္ခိုင့်တပ်တော် (အေအေ)က သူ့တပ်ကို ဇွဲနပဲရှိရှိနဲ့ စနစ်တကျ တစိုက်မတ်မတ် တည်ဆောက်လာပြီး စစ်အင်အားကြီးလာချိန်မှာတော့၊ မြန်မာစစ်တပ်ဟာ သူ့ အချိုးကို ပြောင်းလဲ ဆက်ဆံတာ တွေ့ခဲ့ရပါတယ်။

■ အဟန့် ရှိနေလို့သာ ■

ဒီအခြင်းအရာတွေဟာ လက်ရုံးဝါဒီ စစ်အာဏာရှင် မြန်မာစစ်တပ်ဟာ — သူ့ အဆက်အဆံကို ခံချင်ရင် လက်နက် အင်အားကြီးအောင် လုပ်…. ဆိုတဲ့ အမြင်ကို ကိုင်စွဲတာ ထင်ရှားပါတယ်။

သေနတ်ကိုင်ထားတဲ့လူချင်းသာ စကားပြောမယ် ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒါတောင်မှ တူမီးနဲ့ ခေတ်မီလက်နက် ကိုင်ထားသူ အကြားမှာ ခွဲခြား ပြီး မြင်ပါတယ်။ မနေ့တစ်နေ့ကမှ မခံချင်စိတ်နဲ့ လက်နက်ကိုင်တိုက်ပွဲထဲ တူမီးကိုင်ပြီး ဝင်လာတဲ့ PDF အပေါ်မှာ မြန်မာစစ်တပ်ဟာ (စောက်ချဉ်) ဆိုတဲ့ အထာနဲ့ စာရင်းထဲ မထည့်တာ ထင်ရှားပါတယ်။

NUG ကိုလည်း မခန့်လေး စားနဲ့ တန်းတူ စကားမပြောဘူးဆိုတဲ့ အထာကို လုပ်နေတာတွေ့ရပါတယ်။ လက်နက်ကိုင်ဘိုးအေကြီးတွေကိုသာ မြန်မာစစ်တပ်ဟာ အနည်းငယ် ရှိန်ကြောင်း၊ မြန်မာစစ်ခေါင်း ဆောင်တွေအနေနဲ့ လူမျိုးစု လက်နက်ကိုင်တပ်မ ခေါင်းဆောင် ကြီးတွေ ရှိနေလို့သာ အဟန့် ရှိနေတာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။