• Today is: Friday, May 17, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 152, December 14, 2021)

 

၁။ TNLA ငွေတောင်းခံလို့ နမ့်ခမ်းမြို့မဈေးသူဈေးသားများ ၅ ရက်ကြာ ဆိုင်ပိတ် ဆန္ဒ‌ဖော်ထုတ်ရန် စီစဉ်နေ
December 12, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မ ဈေးကြီးအတွင်း TNLA တပ်ဖွဲ့က ဈေးဆိုင်တွေမှာ ငွေကြေးတောင်းခံမှု များပြားနေ တာကြောင့် ဒီဇင်ဘာလ ၁၃ ရက်ကစပြီး ဒီဇင်ဘာလ ၁၇ ရက်အထိ ဈေးမရောင်းပဲ ဆန္ဒဖော်ထုတ်သွာမယ်လို့ စျေးသည်များ က ထုတ်ပြန်ထားပါတယ်။ နမ့်ခမ်းဈေးသူဈေးသားများက နိုင်ငံရေးကြောင့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝမ်းရေးခက်ခဲ နေရစဉ် အခုလို ကြုံရတာကြောင့် ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံ ၁ ဦးက “အခုကနေရာတော်တော်များများ မှာ အဲလိုဖြစ် နေတာ။ မပေးလို့ လည်း မရဘူးလေ။ တော်တော် ခက်ခဲလာပြီ။ ပစ္စည်းကဈေးတက်၊ အလုပ်က အရင်လို လုပ်လို့ မရတော့ ပိုဆိုးတယ်” လို့ နမ့်ခမ်း မြို့ခံ ၁ ဦး က ပြောပါတယ်။

TNLA အပါအဝင် အဖွဲ့အစည်းအချို့ ငွေကြေးကောက်ခံမှု အကြိမ်များလာ‌နေတာ‌ကြောင့် နမ့်ခမ်းမြို့အတွင်းရှိ ဈေးဆိုင်ခန်း များ၊ စားသောက်ဆိုင်များ၊ မော်တော်ယာဉ်လိုင်းများအချို့ ပိတ်သိမ်းရမည့် အခြေအနေထိ ရင်ဆိုင်နေရကြရတယ်လို့ ဆိုပါ တယ်။ “ကျွန်တော်တို့ ဆိုင်ခန်းတွေမှာလိပ်စာကဒ်တွေနဲ့ အကြောင်းကြားစာတွေ လိုက်ပေးတယ်။ ရက်ချိန်းပြီး သူတို့နဲ့ သွား တွေ့ရတယ်” လို့ အမည်မဖော်လိုသူ ၁ ဦးက ပြောပါတယ်။ “ဆေးဆိုင်၊ ကုန်စုံဆိုင် လိုမျိုးဆိုရင် ၁၅ သိန်း အထိ တောင်းတာ‌ တွေရှိပြီး တောင်းပန်ညှိနှိုင်း လျှော့ပေးခိုင်း ရတယ်။ တကြိမ် နှစ်ကြိမ်ထဲ လည်း မဟုတ်ဘူး။ အကြိမ်ကြိမ် လာကောက်‌ တော့ ဆိုင်ဖွင့် ဖို့ ခက်ခဲလာတာပေါ့။ တချို့ အဖွဲ့အစည်းတွေလည်း လာတောင်းတာရှိတယ်။ ပိတ်တဲ့ဆိုင်ကပိတ် ဖြစ်ကုန်ပြီ။” လို့ သူက ဆက်ပြောပါတယ်။ နမ့်ခမ်းမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံက ဒေသခံများအပေါ်အခုလို ခြိမ်းခြောက် ငွေ တောင်းခံနေတာကြောင့် ကိုဗစ်-၁၉ ကပ်‌ရောဂါ နဲ့ နိုင်ငံရေးအခြေအနေကြောင့် စျေးသည်မိသားစုများပါ စားဝတ်နေရေးပါ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

၂။ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တို့ လေးရက်တာ တိုက်ပွဲဖြစ်ပွား
December 13, 2021

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲမှာ လေးရက်အတွင်း တိုက်ပွဲသုံးနေရာဖြစ်ပွားပြီး စစ်ကောင်စီဘက် က လေးယောက် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရသူတစ်ဦးက ပြောပါ တယ်။ ဒီဇင်ဘာ ၉ ရက်ကစပြီး ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNDF နဲ့ KA ပူးပေါင်းတပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ (KNDF) က ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။ “အဓိကကတော့ စစ်တပ်က အဲဒီနီးနား တဝိုက် မှာ လှုပ်ရှားမှုရှိနေတယ်။ ဒါကြောင့် ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တော့ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာက မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်တဲ့နေရာပါပဲ” ဒီဇင်ဘာ ၁၁ ရက်ညက ဖရူဆိုမြို့နယ် ခမရ (၄၂၈) တပ်နဲ့ ရဲစခန်းကို KNDF နဲ့ KA တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီတပ်သား လေးယောက် သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားတာပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်အားတိုးမြင့်ချထားတဲ့အတွက် တိုက်ပွဲတွေမကြာခဏဖြစ်နိုင်ပြီး စစ်ရေးတင်းမာနေတာမို့ ဒေသခံ တွေက အကြောင်းမဲ့ ခရီးသွားတာတွေ မလုပ်ကြဖို့ KNDF တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်က ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာရွာ ခြေတော်ရာ ဘုရားတောင်ခြေအနီးမှာ စစ်ကောင်စီတပ်နဲ့ KNDF နဲ့ KA ပူးပေါင်းတပ်တို့ လေးနာရီအကြာတိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲ မှာတော့ ထိခိုက်မှုတွေရှိပေမယ်လို့ သေဆုံးမှု သတင်းအတိအကျ မသိရ နိုင်သေးဘူးလို့ KNDF တာဝန်ရှိသူက ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မေလ ၂၀ ရက်ကစပြီး ဒီနေ့အထိ ကယား (ကရင်နီ) ပြည်နယ်ထဲမှာ တိုက်ပွဲပေါင်း တစ်ရာကျော်ရှိခဲ့ပြီး ဒီးမော့ဆို၊ ဖရူဆို နဲ့ လွိုင်ကော်မြို့နယ်ထဲ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော် ရှိနေပါတယ်။

၃။ တနိုင်း – ရှင်ဗွေယန်လမ်းမကြီးပေါ်တွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား
December 11 , 2021

တနိုင်း – ရှင်ဗွေယန် လမ်းမကြီးပေါ် ရှိ လဂျားဘွမ့် (Laja Bum) ကျေးရွာတွင် စစ်အင်အားတိုးချဲ့လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ နံနက်ပိုင်းတွင် မိုင်းဆွဲခိုက်ခဲ့ကြောင်း သိရသည်။ နံနက် ၇ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၈၀ ခန့် လဂျားဘွမ့်ဘက်သို့ တက်လာခဲ့ရာ လဂျားဘွမ့်ကျေးရွာ၏ ရွာထိပ်ပိုင်းရှိ ဒခမ်ခ ( Da Hkam Hka) တံတားအနီးတွင် KIA က ၃ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု KIA ၏ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

“တိုက်ပွဲ စဖြစ်တာက နံနက်ပိုင်း ၇ နာရီလောက်ကနေ စဖြစ်တယ်။ ကျနော်တို့ KIA ဘက်ကနေ ၃ ကြိမ်လောက် အရင် မိုင်းဆွဲတိုက်တယ်။ ပြီးမှ ၂ဖက်စလုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတယ်။ အခုချိန်ထိတော့ ထိခိုက်မှုကို အသေးစိတ်မသိရ သေဘူး” ဟု ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် နေ့လည် ၁ နာရီဝန်းကျင်အထိ ၂ ဖက်တပ် စောင့်ကြည့်ကာ အပြန်အလှန်ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားနေသည်ဟုလည်း သူကဆက်ဆိုသည်။ လက်ရှိအချိန် တနိုင်း – ရှင်ဗွေယန် လမ်းမ ကြီး ပေါ်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် တရုန်ကျေးရွာအဝင်တွင် သွားလာသည့် ခရီးသည် ယာဉ်များလည်း ပိတ်ဆို့နေကြောင်းသိရသည်။

KIA ၏ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ယမန်နေ့က တနိုင်းမြို့ဘက်ကနေ တက်လာသည့် အဖွဲ့ဖြစ်ပြီး ့နံနက် အစောပိုင်းကတည်းက ရှိန်လုံကျေးရွာမှ ခြေကျင်ဖြင့် လဂျာဘွမ့်ဘက်သို့ တက်လာခဲ့ရာ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ် သည်။ တနိုင်း – ရှင်ဗွေယန် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က KIA ၏ မိုင်းခွဲတိုက်ခိုက်မှုများကိုမကြာခဏ ကြုံတွေ့ နေရပြီး KIA မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ပြီးခဲ့သော အောက်တိုဘာလ အတွင်း ၁ ပတ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါ သည်။

၄။ ကာလိ ပြည်သူ့စစ်အဖွဲ့မှ ဈေးသည် အမျိုးသမီး (၂)ဦးကို ရိုက်နှက်
December 13, 2021

သျှမ်းတောင် ကာလိမြို့တွင် ( ဒီဇင်ဘာလ ၁၂ )ရက် မနက်ပိုင်း၌ ကာလိပြည်သူ့စစ်အဖွဲ့ တပ်မဟာအမှတ် (၇) မှ ကာလိ ဈေး သည် အမျိုးသမီး (၂)ဦးကို သွေးထွက်သည်အထိ ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ကာလိမြို့ အမှတ် ၁ ရပ်ကွက်တွင်ရှိသည့် ဈေးဟောင်းနေရာအတွင်းတွင် ဈေးရောင်းနေသူများကို ဈေးသစ်နေရာသို့ ပြောင်းရွှေ့ ရောင်းချရန် ကာလိပြည်သူ့စစ်အဖွဲ့ တပ်မဟာ အမှတ်(၇) မှ တပ်သားများလာရောက်ပြောဆိုနေချိန် ဈေးသည်များက ၎င်းတို့၏ အခက်အခဲ ကို ပြောပြရာ ပြည်သူ့စစ်အဖွဲ့မှ အသက် ၆၀ ကျော်နှင့် အသက် ၅၀ ကျော် အမျိုးသမီးဈေးသည် (၂)ဦးကို သွေးထွက်သည် အထိ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“အမျိုးသမီး ၂ ဦးက ဒဏ်ရာတော်တော်များတယ်။ အသက် ၆၀ ကျော်က လက်ထိပ်ခတ်ခံရတယ်။ လက်ထိပ်ကို စောင့်ဆွဲ လိုက်တော့ အသားစတွေ လှန်သွားတယ်။ အသက် ၅၀ ကျော် အမျိုးသမီးကတော့ လက်သီးနဲ့ထိုးခံရတယ်။ ရင်ဘတ်၊ နားထင် နဲ့ လည်ပင်းထိုးခံရတယ်။ အသက်ရှူရင် အောင့်နာနေတယ်။ ဒါပေမယ့် ဆေးကုသမှုမရဘူး။ သက်ဆိုင်ရာကလည်း တာဝန်မ ယူဘူး”ဟု ကာလိဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိ ဒဏ်ရာပြင်းထန်စွာရရှိသည့် အမျိုး သမီး (၂)ဦး ဆေးကုသရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူကို သွားရောက်ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူမှ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့်အပြင် ကာလိ စျေးသူ၊ စျေးသားများကိုလည်း တစုံတရာမျှ လာရောက်ပြောဆိုခြင်း မရှိခဲ့ပေ။ “အသက် ၆၀ အမျိုးသမီးက စျေးသစ်ကိုသွားရင် အဆင်မပြေဘူး။ ခက်ခဲတယ်ပြောလို့ ပြည်သူ့စစ်က လက်ထိပ်ခတ်လိုက်တာ။ နောက်တ ယောက်က ဒီလို လက်ထိပ်မခတ်နဲ့ အာဏာမသုံးနဲ့ပြောလို့ ပြည်သူ့စစ်က လက်သီးနဲ့ အကြိမ်ကြိမ်ထိုး လှဲကျတဲ့အထိပဲ” ဟု မျက်မြင်တွေ့ရှိသည့် အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် လူငယ်များနှင့် ရပ်ကွက်လူကြီးတချို့မှ ရောက်လာပြီး လက်ထိပ်ကို ဖြည်ပေးရန် တောင်းဆိုရာ ပြည်သူ့စစ်တပ်ဖွဲ့တို့က လက်ထိပ်ကို ဆောင့်ဆွဲပြီး ဖြုတ်လိုက်သဖြင့် လက်ထိပ်ခတ် ခံထားရသည့် အမျိုးသမီး ၏ ဘယ်ဖက်လက်တစ်ခုလုံးထုံကျင်သွားပြီး အသားများလည်း လန်ထွက်သွားကြောင်း သိရသည်။ ပြည်သူ့စစ်တပ်ဖွဲ့တို့မှ လက်နက်အပြည့်အစုံဖြင့် ဈေးသူ/ဈေးသားများကို နိုင်ထက်စီးနင်း မတရားပြုလုပ်ရိုက်နှက် ခြင်းနှင့် ပတ်သက်ပြီး ပြည်သူ များနှင့် ဈေးသူဈေးသားများ စုပေါင်းကာ ကာလိပြည်သူ့စစ် တပ်မဟာ အမှတ် ၇ ဌာနချုပ်သို့ သွားရောက်ခဲ့သော်လည်း ဝင်ခွင့် မပေးသည့်အပြင် လက်ခံစကားပြောခြင်းလည်းမရှိကြောင်း ဒေသခံများကပြောသည်။ ဈေးသို့ရောက်လာသည့် ကာလိ ပြည်သူ့ စစ်တပ်ဖွဲ့ တပ်မဟာ အမှတ် (၇)သည် စုစုပေါင်း အင်အား ၂၀ ဝန်းကျင်ခန့်ရှိနေပြီး သေနတ်များကိုယ်စီနှင့် ကာလိပြည်သူ့စစ် ယူနီဖောင်းများ ဝတ်ထားကြောင်းလည်း သိရသည်။

၅။ ဖရူဆိုမြို့နယ် ခမရ ၄၂၈ ကို ကရင်နီပူးပေါင်းတပ် ဝင်တိုက်၊ ဒေသခံများ တိမ်းရှောင်နေရ
December 13 , 2021

ကယား(ကရင်နီ) ပြည်နယ်၊ ဖရူမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၄၂၈ တပ်ကို ကရင်နီပူးပေါင်းတပ်တွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ဦးကျဆုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေး တပ်က (KNDF) ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ည ၈ နာရီခွဲလေက်က ကရင်နီပူးပေါင်းတပ် တွေက ခမရ (၄၂၈) ကို ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၄၅ မိနစ်လောက်ကြာမြင့်ခဲ့တယ်လို့ ပြောပါ တယ်။ “တမြန်ည ၈ နာရီခွဲလောက် ခမရ ၄၂၈ စခန်းကို ကျနော်တို့ KA နဲ့ KNDF ပူးပေါင်းတပ်က ဝင်ပစ်တယ်။ အဲဒီမှာက စစ်သားက ၃ ယောက်သေတယ်။ ၇ ဦးဒဏ်ရာရတယ်။ နောက်တခုက ကျနော်တို့ ထိုလွီးဘီလာဘက်မှာ ထပ်ဖြစ်တယ်။” ဒီတိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အနီးအနားက ကျေးရွာတွေလည်း စစ်ရှောင်နေကြရတယ်လို့ KNDF ပြောခွင့်ရသူက ပြောပါတယ်။

“ဖရူဆိုဘက်ဆိုရင်တော့ မြို့ပေါ်တချို့ရယ်၊ နောက်တပ်နဲ့ နီးတဲ့ကျေးရွာအကုန်လုံး နီးစပ်ရာတွေမှာ ပြေးကြတယ်။ ကျနော် ခန်းမှန်းသလောက် ၅ ရွာ ၆ ရွာလောက်၊ လူဦးရေက ၇၀၀-၈၀၀ လောက်ရှိမယ်။” ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ ဒီးမော့ဆိုမြို့ နယ် ထူးလွီးဘီလာကျေးရွာ ခြေတော်ရာဘုရားနီး စစ်ကြောင်းထိုလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တို့က ခုခံတိုက်တိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ၄ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှု မသိရသေးဘူးလို့ KNDF က ထုတ်ပြန် ထားပါတယ်။ အလားတူ ဒီဇင်ဘာ ၉ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ဒေတမငယ်ရပ်ကွက်မှာ မိနစ် ၃၀ လောက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထူလွိးဘီလာနဲ့ ငွေတောင်ရွာသစ်အကြား နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီလို စစ်ကြောင်းထိုး တာနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတဲ့အတွက် ပြည်သူတွေအနနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကို ခရီးမသွားလာကြဖို့ KNDF က သတိပေးထုတ်ပြန်ထားပါတယ်။

၆။ မင်းတပ်က ခရစ်ယာန်ဓမ္မဆရာတစ်ဦး CDF နဲ့ ပတ်သက်တယ်ဆိုပြီး အဖမ်းခံရ
December 13, 2021

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက်မနေ့က ခရစ်ယာန် ဓမ္မဆရာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချင်း ဒေသခုခံကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ ပတ်သက်တယ်လို့စွပ်စွဲပြီးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မင်းတပ် မြို့ ဆောက်လုပ်ရေးလမ်းခွဲအနီး စစ်ဆေးရေးဂိတ်မှာ မနေ့က ညနေ ၅ နာရီလောက်မှာ အဖမ်း ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က သူ့ကို ဖမ်းခေါ်သွားတာကို တွေ့လိုက်တဲ့ မျက်မြင်သက်တွေရှိတယ်။ သူ့မိသားစုလည်း အဲလိုပဲ သိထား သေးတယ်။ ၂၇၄ တပ်ရင်းထဲမှာ ထားတယ်လို့ကြားတယ်။ အခုထိတော့ ဘာသတင်းမှ မကြားရ သေးဘူး” ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း မကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကယ်တောင်ရွာက ခရစ်ယာန် ဓမ္မဆရာ ဆလိုင်းငွေကြာဟာ စေတုတ္တရာ အခြေစိုက် ကပစ (၂၀) တပ်က PDF လို့စွပ်စွဲပြီး ဖမ်းဆီးခံရပါတယ်။

ဒီဇင်ဘာလ ၉ ရက်မှာတော့ စစ်ကြောရေးကရရှိတဲ့ ဒဏ်ရာတွေကြောင့် မကွေးဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင် ဘာ ၂၃ ရက်နေ့ကလည်း ချင်းပြည်နယ် မတူပီမြို့ ငလိုင်ကျေးရွာ ညီအကိုအသင်းတော်က ခရစ်ယာန်ဓမ္မဆရာ ဦးငိုင်ကုန်းဟာ စစ်တပ်က ဖမ်းဆီးတာခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သေဆုံးခဲ့တယ်ဆိုတာ မိသားစုကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၇။ နယ်မြေကျော်လွန် ဝင်ရောက်လာနေသည့် စစ်ကောင်စီတပ်ကြောင့် တိုက်ပွဲဖြစ်မည်ကို ဒေသခံပြည်သူများ စိုးရိမ်နေ
December 13, 2021

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ လေးကေကော် မြို့သစ် အတွင်းသို့ ဒီဇင်ဘာလ ၁၃ ရက် နံနက်မှစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ် ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။ နံနက်ပိုင်း ၉ နာရီ အချိန်ခန့်မှ စတင်၍ စစ်ကောင်စီတပ် အမှတ် ၅၆၀ ခြေမြန်တပ်ရင်းမှ တပ်များသည် ကွင်းကလေးကျေးရွာ၊ ပဟိကလော်ကျေးရွာ၊ ဖလူးကျေးရွာ၊ ရသေ့ဂူကျေးရွာနှင့် လေးကေကော် ဗျူးပွိုင့် စစ်ကောင်စီ အမြောက်ကုန်းစသည့် နေရာများမှ စစ်ကြောင်း ၄ ကြောင်းမှ အင်အား ၂၀၀ ကျော်ခန့် ဝင်လာသဖြင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အဖွဲ့ဝင်များကလည်း စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်ထားသည့်အတွက် ဒေသခံပြည်သူများမှာ တိုက်ပွဲရှောင်ရန်ပြင်ဆင်နေကြပြီဟု သိရသည်။

လေးကေကော်မြို့သစ်တွင် နေထိုင်သည့် နော်တမေထူးက “အခုရက်ပိုင်းမှာတော့ ကရင်ပြည်နယ်အတွင်း မြို့ဝင်ဂိတ်တွေမှာ pdf တွေ ဖမ်းဆီးမိတာတွေ၊ လက်နက်တွေ မိတာတွေကတစ်ဆင့် ဒီဘက်ရွာတွေဘက်မှာ pdf တွေ ရှိနိုင်တယ်ဆိုပြီး စစ် ကြောင်းတွေ တိုးချလာတာ စစ်ဆေးရေးဂိတ်တွေ နေ့/ည စစ်ဆေးတာတွေ ပိုလုပ်လာတာကြောင့်၊ ကျမတို့ နေရာတွေ တိုက်ပွဲ ပြန်ဖြစ်မှာ စိုးရိမ်နေရတာကြောင့် အထုပ်ပိုးပြင်ထားရတယ်။ ဒီနေ့ဆို ပိုစိုးရိမ်နေရတယ် “ဟု ကေအိုင်စီသို့ ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်များသည် မြို့သစ်လေးကေကော် ငြိမ်းချမ်းရေးအိမ်ယာရပ်ကွက်နေအိမ်များအတွင်း ဝင်ရောက်စစ်ဆေးမေး မြန်းမှုများပြုလုပ်ခြင်း/ဓာတ်ပုံမှတ်တမ်းရယူခြင်း၊ ရပ်ရွာများအတွင်း၌ စစ်ကောင်စီအား ဆန့်ကျင်တော်လှန်နေကြသည့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့-pdf တပ်ဖွဲ့များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ခိုလှုံနေထိုင်နေခြင်းရှိ မရှိအား ရှာဖွေစစ်ဆေး မေးမြန်းခြင်းများ လုပ်ဆောင်ရန်အပြင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများအားစစ်ကြောင်းအသွင်ဖြင့် ဝင်ရောက် နေရာယူရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု KNUနှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် ယခုလ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ မြဝတီ-ဝေါလေ လမ်းပိုင်းတစ်လျှောက်ရှိ မယ့်ထော်သလေးလမ်းဆုံ ၊ ဖလူးကျေး ရွာ စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ် (BGF)ပူးတွဲနေရာယူထားသည့် ဂိတ်စခန်း ၊ မြဝတီမြို့အဝင် မေတ္တာလင်းမြိုင် BGF ဂိတ် ၊ တင့်လွင် ဆီဆိုင်ရှေ့ BGF ဂိတ်တို့တွင် ဝေါလေ ၊ သေဘောဘိုး၊ ဖလူး၊ လေးကေကော်၊ ထီးမယ်ဝါးခီးကျေးရွာ များဘက်မှ မြဝတီသို့ သွားလာကြသည့် ကားဆိုင်ကယ်များအား စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ပိုမိုလုပ်ဆောင်လာလျက်ရှိ သည်ဟု ဒေသခံများက ပြောသည်။ လေးကေကော် မြို့သစ်နှင့် အနီးအနား ကျေးရွာများဘက်သို့ NUG -အမျိုးသားညီညွတ် ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တပ်ဖွဲ့များရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်များမှ စစ် ကြောင်းဖြင့် ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်နေမှုမှာ ၇ ကြိမ်ခန့် ရှိပြီဟုသိရှိရသည်။

၈။ ဖားကန့်မြို့နယ်တွင် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
December 13, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက် မနက် ၄ နာရီလောက်က လူငယ် ၃ ယောက်ကို စစ်ကောင်စီလက် နက်ကိုင်တပ်ဖွဲ့ဝင်တွေက နေအိမ်မှာအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကသိရပါတယ်။ “မနက် ၄ နာရီလောက်က စစ်သားတွေ အများကြီးလာပြီး သူတို့အိမ်တွေမှာ လာဖမ်းသွားတာ။ PDF တွေကို လာဖမ်းတာ လို့ကြား တယ်။ ဖမ်းသွားတဲ့သူတွေက PDF ကလည်း မဟုတ်ဘူး။ သာမန်လူတွေပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့ တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း လူငယ် ၁၄ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆို ထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းက ပျူစောထီးခေါင်းဆောင်ဆိုသူတယောက် သေနတ်ပစ်သတ်ခံရပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ ကလည်း ရာအိမ်မှူးတယောက် ပစ်သတ်ခံခဲ့ရတာကြောင့် ခုနောက်ပိုင်း စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေ ခပ်စိတ်စိတ် ပြန်လုပ်ကြတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက် ထားတာ ၄ လနီးပါး ရှိလာပြီလည်း ဖြစ်ပါတယ်။

၉။ KNU ၏ ၁၇ ကြိမ်မြောက် ညီလာခံကို ၂၀၂၂ နှစ်ဆန်းပိုင်းတွင် ကျင်းပရန် ဗဟိုအမြဲတမ်းကော်မတီ ဆုံးဖြတ်
December 12, 2021

KNU-ကရင်အမျိုးသားအစည်းအရုံးက ၎င်းတို့၏ (၁၇)ကြိမ်မြောက် ညီလာခံ(ကွန်ဂရက်)ကို လာမည့် ၂၀၂၂ခု၊ နှစ်ဆန်း ပိုင်းတွင် ကျင်းပသွားရန် ၁၃ရက်ကြာ ပြုလုပ်ခဲ့သည့် ဗဟိုအမြဲတမ်းကော်မတီ၏ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြ ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ကျင်းပခဲ့သည့် ၎င်းအစည်း အဝေးတွင် ညီလာခံကို ၂၀၂၂ ခု၊ ဖေဖော်ဝါရီလတွင် ပြုလုပ်သွားမည်ဟု ဆွေးနွေးခဲ့ကြကြောင်း ပါဝင်တက်ရောက်ခဲ့ကြသည့် ဗဟိုကော်မတီဝင်များ၏ ပြောပြချက်အရ သိရှိရသည်။

ဗဟိုအမြဲတမ်းကော်မတီဝင်ဖြစ်သူ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက “ဖေဖော်ဝါရီလလို့တော့ ပြော ထားတာပဲ။ အဓိကတော့ ဖေဖော်ဝါရီလ ဆိုတာထက် ကိုဗစ်ကာကွယ်ဆေးကို အပြည့်အ၀ ထိုးပြီးတဲ့အချိန်ကို ကြည့်ရမှာပေါ့။ 1st dose, 2nd dose ဘယ်လောက်ကြာမလဲဆိုတာ ချိန်ဆရမှာပေါ့နော်။ ၂၀၂၂ နှစ်ဆန်းပိုင်းလို့တော့ ပြောရမှာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။ KNU ၏ အဆိုပါ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတွင် ခရိုင်နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း အစီရင်ခံစာများကို တင်ပြဆွေးနွေးခြင်း၊ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာကို ဆွေးနွေးခြင်း၊ KNU ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများအပြင် အဓိကအားဖြင့် (၁၇)ကြိမ်မြောက် ညီလာခံကျင်းပရေးကိစ္စကို အထူး ဆွေးနွေးခဲ့ကြ ကြောင်းလည်း ၎င်းက ယခုလို ပြောသည်။ “ကွန်ဂရက်မှာတင်ပြမယ့် အစီရင်ခံစာတွေရယ်၊ KNU ရဲ့ ဖွဲ့စည်းပုံအခြေခ ံဥပဒေ ကို ပြန်ပြီးတော့ သုံးသပ်တာပေါ့နော်။ နောက် လမ်းစဉ်၊ လုပ်ငန်းစဉ်နဲ့ ရှေ့လုပ်ငန်းစဉ်တွေ အဲဒါကို အဓိကထားပြီးတော့ ဗဟို ကော်မတီမှာ ဆွေးနွေးကြတာပေါ့။ ၁၇ ကြိမ်မြောက် ကွန်ဂရက်အတွက် ပြင်ဆင်ထားဖို့ပေါ့။”ဟု ပဒိုစောလှထွန်းက ကေအိုင်စီ သို့ ဖြည့်စွက်ပြောဆို သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် KNU- ကရင်အမျိုးသားအစည်းအရုံးတွင် ဌာန ဆိုင်ရာ ၁၄ ခုရှိခဲ့ပြီး ယခု ကျင်းပပြီးစီးခဲ့သည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတွင် စည်းရုံးရေးဌာနနှင့် မဟာမိတ်ရေး ရာဌာနများကို ဌာနအနေဖြင့် ဆက်လက်မလုပ်ဆောင်တော့ဘဲ သက်ဆိုင်ရာ လုပ်ငန်းစဉ်များအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ KNU ဗဟိုအမြဲတမ်းကော်မတီဝင်များကို (၁၅)ကြိမ်ကွန်ဂရက်အထိ ၄၅ ဦးသာ သတ်မှတ်ထားခဲ့ကြသော်လည်း ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် ညီလာခံ၌ ဖွဲ့စည်းပုံကို ပြန်သုံး သပ်ခဲ့ပြီးနောက် ကော်မတီဝင်များကို ၅၅ ဦးအထိ ထပ်တိုးသတ်မှတ်ကာ ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

၁၀။ မိုင်းကိုင်မြို့နယ် ကျေးရွာအတွင်း ပထမဆုံး အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ
December 13, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုနယ်မှ အုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်းသည် နေအိမ်ထဲရှိနေစဥ် သေနတ် ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၆ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာ၏ အုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်းသည် နေအိမ်အတွင်းရှိနေစဥ် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ လူ(၂)ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့ချိန် အိမ်မှာ သူ(လုံးစိုင်းကြည်သိန်း) တစ်ယောက်ပဲ ရှိနေတဲ့အချိန်ပေါ့၊ ကျမက ညစာအတွက် သွားဝယ်ပြီး ပြန်လာတဲ့အချိန် အိမ်ထဲ ကို လူနှစ်ယောက်ဝင်သွားတာတွေ့ရတယ်၊ ကျမက ဧည့်သည်လာတယ်ထင်လို့ အမြန် လမ်းလျှောက်လာတာ၊ အိမ်တံခါးဝ ရောက်တော့ သေနတ်သံတွေကြားရတယ်၊ ကျမလည်း လန့်လို့ အော်ဟစ်လိုက်တာ” ဟု လုံးစိုင်းကြည်သိန်း၏ မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လုံးစိုင်းကြည်သိန်းကို လာပစ်သည့် သေနတ်သမားနှစ်ယောက်သည် အရပ်ဝတ်၊ မျက်နှာဖုံး ခေါင်းစွပ်နှင့် သေနတ်ရှည် ကိုင် ဆောင်ထားပြီး သျှမ်းစကားပြောကြကြောင်း သိရသည်။ “ကျမက အိမ်တံခါးဝမှာ၊ သူတို့က အိမ်ဝိုင်းထဲမှာ၊ လုံးကြည်သိန်း ကတော့ အိမ်ထဲမှာ သွေးတွေနဲ့ လှဲနေပြီ၊ ကျမက အော်နေချိန် သူတို့က မအော်နဲ့ အဒေါ့်ကို ကျနော်တို့ ဘာမှမလုပ်ဘူး၊ ဝင်လာခဲ့ရတယ်ဆိုပြီး သျှမ်းလိုပြောတာ၊ သျှမ်းစကားသံက ပီနေတာပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်ကဆက်ပြောသည်။ ၎င်း၏ အော်ဟစ်မှုကြောင့် ဘေးအိမ်ရှိ လူများ ထွက်လာကြသဖြင့် အဆိုပါ သေနတ်သမား၂ ဦးက အိမ်အနောက်ဘက်သို့ ပြေးထွက် သွားကာ အမှောင်ထဲ ပျောက်သွားကြောင်း သိရသည်။ လုံးစိုင်းကြည်သိန်းသည် သေနတ်ဒဏ်ရာ ၆ ချက်နှင့် သွေးအိုင်ထဲ လှဲနေပြီး အိမ်နီးချင်းများ၏ အကူအညီဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဓါတ်ခွဲခန်းအဖြေအရ ခြေထောက်နှစ်ဖက်လုံး ကျိုးသွား ကြောင်း မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရသည့်နေရာ ပန်ကေတု ကျေးရွာတွင် သျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်ပွားသည့် နေရာ ဖြစ်သည်။ အဆိုပါ ပန်ကေတု အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရမှုသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မ တော် (RCSS/SSA) ၏ လက်ချက်ဖြစ်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ သတင်းစာမျက်နှာ ဖြစ်သည့် SSPP Info တွင် ရေးသားဖော်ပြထားတာ တွေ့ရသည်။ RCSS/SSA ကလည်း ၎င်းဖြစ်စဉ်သည် SSPP/SSA မှ ၎င်းတို့ကို အပြစ်ပုံချ ပြောဆိုခြင်းသာဖြစ်ကြောင်းနှင့် ပစ်ခတ်မှုသည်လည်း SSPP/SSA ပါဝင်သည့် တပ်ပေါင်းစုတို့၏ လက်ချက်သာ ဖြစ်ကြောင်း ၎င်းတို့ လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Tai Freedom နှင့် Ngao Leng Hun Mai တို့တွင် ပြန်လည် ရေးသားတုန့်ပြန်ထားသည်ကို တွေ့ရသည်။ ယင်းဖြစ်စဥ်များနှင့် ပတ်သက်ပြီး သျှမ်းတပ် (၂)တပ်ကို ဆက်သွယ်မေးမြန်းရာ ပန်ကေတုအုပ်ချုပ်ရေးမှူး လုံးစိုင်းကြည်သိန်းကို SSPP/SSA အတွက် ဆန်ဝယ်ယူစုဆောင်းပေးနေသည်ဟု RCSS/SSA တို့မှ ထင်မှတ်ပြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၁၁။ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
December 13, 2021

ချင်းပြည်နယ် မင်းတပ်မြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်ရမ်း သန်းပစ်ခတ်မှုကြောင့် နေအိမ်ထဲတွင်ရှိနေသည့် အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်ပြီးသေဆုံးသည်ဟု မင်းတပ်ဒေသခံများထံမှ သိရသည်။ မင်းတပ်မြို့အနောက်ရပ်ကွက်၊ ကန်ပက်လက်လမ်းခွဲရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးဂိတ်တွင် ဒီဇင်ဘာလ ၁၂ ရက် နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က လူငယ်တစ်ဦးအား စစ်ဆေးနေစဉ်ထွက်ပြေးသွားသည့်အတွက် သေနတ်ဖြင့်လိုက်လံ ပစ်ခတ်ရာတွင် နေအိမ်ထဲတွင်ရှိနေသည့် အသက် ၄၀ ခန့်အရွယ်စိုက်ပျိူးရေးဝန်ထမ်းအမျိုးသမီးတစ်ဦး ကျည်ထိမှန်ကာ ပွဲချင်း သေဆုံးသွားခဲ့သည်ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။

“အဲဒီစစ်ဆေးဂိတ်မှာ စစ်တဲ့အချိန်မှာ ကလေးက ထပြေးသွားတော့ သူတို့က ခြောက်ပစ်ပစ်တော့ အိမ်ထဲမှာနေတဲ့ အစ်မ ကို သေနတ်ထိတာနောက်ကျောနေဝင်ပြီး ဗိုက်ကနေပြန်ထွက်ပြီးတော့ လက်ထိတယ် အိမ်ရှေ့တင်မှာပဲ ပွဲချင်းဆုံးသွား တာ၊ မနေ့ ကတည်းက သဂြိုလ်ပေးလိုက်တယ်၊ ဒီနေ့တော့ သူ့မိဘတွေက အုတ်ဂူ လေးလုပ်ပေးချင်တယ်ဆိုတော့ လုပ်ပေးကြတယ်” ဟု မင်းတပ်ဒေသခံက ပြောသည်။ ကျည်ထိမှန်ပြီးသေဆုံးသွားသူမှာ အသက် ၄၀ နှစ်အရွယ် ဒေါ်လိန်းလိုင်ဆိုသူဖြစ်ပြီး စစ်ကာင်စီ တပ်ဖွဲ့၏ ဖိအားပေးမှုကြောင့် ယမန်နေ့တွင်ချက်ချင်းသဂြိုလ်လိုက်ရသည်ဟု သိရသည်။

မင်းတပ်မြို့နယ် ရွှေအောင်သာနှင့် ကြည်းကျေးရွာအကြားတွင် အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီဖွဲ့နှင့် CDF-Mindat/ PDF-ကျောက်ထု ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ညနေ ၃ နာရီခွဲမှ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားကာ အကျအဆုံးရှိမ ရှိမသိရသေး ပေ။ စစ်ကောင်စီတပ်သားများသည် ကြည်းကျေးရွာအတွင်းရှိ လူနေအိမ်များဖျက်ဆီးခြင်း၊ ဆိုင်ကယ်တစ်စီးမီးရကာ ကျပ်ငွေ ရှစ်သောင်းနှင့် ရွှေတစ်ကျပ်သားခွဲခိုးယူသွားကြသည်ဟု The Mindat Post တွင် ဖော်ပြထားသည်။

၁၂။ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမတစ်လျှောက် စစ်ကောင်စီတပ်နှင့် BGF တို့ နေရာယူလာမှုကြောင့် ဒေသခံများ စိုးရိမ် ကြောက်ရွံ့နေ
December 13, 2021

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့ကို ဆက်သွယ်ထားသည့် ပြည်နယ် ချင်းဆက် လမ်းမကြီးဘေးဝဲယာတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တို့ပူးပေါင်းကာ ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက ဝင်ရောက်တပ်စွဲထားသည့်အတွက် ဒေသတွင်း တိုက်ပွဲဖြစ် လာမည်ကို စိုးရိမ်နေကြရသည်ဟု ဒေသခ ံများက ပြောသည်။ BGF တပ်ရင်း အမှတ် ၁ဝ၂၁ ၊ ၁ဝ၂၂ တို့အပါအဝင် လှိုင်းဘွဲမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်၏ တပ်မ ၂၂ လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ ၂ဝ၄ တပ်ရင်းနှင့် နယ်မြေခံတပ်တို့သည် အနန်းကွင်း၊ လွတ်ရှမ်း၊ တောင်စွန်းကျေး ရွာရှိလမ်းမကြီးတစ်လျှောက်တွင် စခန်းချနေရာယူထားခြင်းဖြစ်သည်ဟု ဒေသခံကျေးရွာတာဝန်ရှိသူများကပြောသည်။ အမည် မဖော်လိုသူ ဒေသခံတစ်ဦးက “တပ်နဲ့ BGF တွေရောပေါင်းပြီး လမ်းမတစ်လျှောက်မှာ နေရာယူ ထား ကြတော့ သွားလာ ရတာ အရမ်းကြောက်တယ်ပေါ့နော်။ ညဘက်ဆို ပုန်းရှောင်အိပ်ရတယ်လေ။ ဂိတ်တွေမှာ ကားသွားရင် ပိုက်ဆံတောင်းတာရှိ တယ်။ သွားလာတာ ကြောက်ရတော့ မပြေဘူး။ သူတို့ပြန်မှ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လို့ရမယ်။ သူတို့လာတဲ့ နေရာက နေပြန်သွားချင်တယ်ပေါ့နော်” ဟု ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ဝ ရက်နေ့က ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမကြီးပေါ် ခုခံကျေးရွာအနီး နှစ်ဖက် သတ်မှတ်နယ် မြေကို ကျော်လာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း ၁၆ တို့အကြား ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ တပ်အင်အား အများအပြား ထပ်မံဝင်ရောက် နေရာယူလာသည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် KNU ၏ လွတ်ရှမ်းနယ်မြေလုံခြုံရေးစခန်းတစ်ခုအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်စခန်းချ နေထိုင်လိုက်သည့်နောက်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာမှုများရှိလာသည့်အတွက် တိုက်ပွဲ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ၎င်းတပ်တို့ရှိနေသည့်အတွက် လယ်၊ တောင်ယာ၊ စိုက်ပျိုးခြံများသို့ သွားလာရန် အခက်အခဲရှိလာသည်ဟုလည်း ဒေသခံများက ပြောသည်။

၁၃။ ကိုးကန့် (MNDAA) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်
December 13, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးဒေသရှိ ဖောင်းဆိုင်၊ မန်ယန်( Man Yang) ကျေးရွာအနီးယနေ့ နံနက်၄ နာရီ ခန့်မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုးကန့်(MNDAA)တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရ သည်။ တိုက်ပွဲဖြစ်ပွားရာ ဒေသဘက်သို့ မုံကိုးစစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပေးနေ ကြောင်း မုံကိုးဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။”မုံကိုးဘက်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ပေးနေ တာ၊ ခုထိ မပြီးသေးဘူး၊တိုက်ပွဲက အရင်နေ့ထက် ပိုဆိုးတာပေါ့ ၊ လက်နက်ကြီးပစ်တာတောင် ရာကြီးပိုင်း ဖြစ်နေပြီလေ” ဟု သူကပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသများသည် ကချင်လွှတ်မြောက်ရေးတပ် (KIA)နှင့် ကိုးကန့်(MNDAA)တို့ ရှိရာ နေရာများဖြစ်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက် များကို The 74 Mediaမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုးကန့်(MMDAA) တပ်ဖွဲ့ဝင်များ၏ တပ်စခန်းရှိရာ မုံကိုး၊ဖောင်းဆိုင် ဒေသများသို့ စစ်အင်အားတိုးချဲ့မှုများ ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ် ပြီး ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်များနှင့် နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်။

၁၄။ လွိုင်ကော်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
December 13, 2021

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပန်ကန်း စိုက်ကွင်း(၃) နိပုဏာရာမ ဓမ္မာရုံ ကျောင်းတိုက်အနီးမှာ အသက် ၄၀ ဝန်း ကျင်ရှိ အမျိုးသားတစ်ဦး ယမန်နေ့ည ( ဒီဇင်ဘာလ ၁၂ ရက်နေ့) တွင် သေနတ်ဖြင့် ပစ်သတ်ခံရတယ်လို့ နီးစပ်တဲ့ ဒေသခံ တွေဆီကနေ သိရပါတယ်။ “၇ နာရီလောက်က လာပစ်သွားတယ်။ ဘယ်အဖွဲ့ကမှန်းတော့ မသိဘူး။ သူက ပရဟိတလုပ် တယ်။ ကိုဗစ်ဆေးဖြန်းတာတွေဘာတွေလုပ်ကူတယ်။ အရပ်ဝတ်နဲ့ဝင်ပစ်သွားတယ်။”လို့ ဒေသခံတစ်ဦးက ကန္တာရဝတီ တိုင်း(မ်) ကို အတည်ပြုပြောကြားပါတယ်။

သေဆုံးသူမှာ နေအိမ်အတွင်း ရှိစဉ်တွင် အရပ်ဝတ်ဖြင့် လူတစ်စုက ဝမ်းဗိုက်နဲ့ ဦးခေါင်းကို သေနတ်ဖြင့် ၇ ချက် ဝင်ရောက် ပစ်ခတ်ကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်မြို့နယ်မှာ အလားတူဖြစ် စဉ်လို အရပ်ဝတ်နဲ့ပစ်ခတ်ပြီး သေဆုံးမှုဖြစ်စဉ် ယခုတစ်ကြိမ်အပါအဝင် ၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

၁၅။ ထန်တလန်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများအကူအညီလိုအပ်
December 13, 2021

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရမှုများကြောင့် မြို့ကိုစွန့်ခွာကာ ကျေးလက်ဒေသများသို့ စစ်ဘေးတိမ်း ရှောင်နေကြရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှ ဒေသခံပြည်သူများသည် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လို အပ်လျှက်ရှိကြောင်း Thantlang Placement Affairs Committee-IDPs Help မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သူ တို့ သယ်လာတဲ့ ဆန်စပါးတွွေက အခုကုန်လုနီးပါးဖြစ်နေပြီ။ ပြီးရင်ကျန်းမာရေးပိုင်းမှာလည်း တချို့ရွာတွေဆိုရင် CDM ကျန်းမာရေးဝန်ထမ်းမရှိတဲ့ နေရာရှိတဲ့အခါကျတော့ သူတို့က ဖျားရင်လည်း ကုမဲ့သူမရှိဘူး။ အများစုကတော့ င်္ဒီလိုမျိုး ကျန်းမာ ရေးအပိုင်းမှာ အကူညီမဲ့နေတယ်” Thantlang Placement Affairs Committee-IDPs Help တာဝန်ရှိသူက ပြောသည်။

ထန်တလန်မြို့ပေါ်ရှိဒေသခံပြည်သူများသည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်တွင် မနေရဲကြတော့ပဲ ကျေးလက်ဒေသများသို့ စတင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ထန်တလန်မြို့နယ်မှ ခွါဟရိန်းတောင်ကြော၊ ဗန်ဇန်းတောင်ကြော၊ ဇနတ်တောင် ကြော၊ ဗိုင်လာမ်တောင်ကြောနှင့် ဘွောလ်တောင်ကြောရှိ ကျေးရွာပေါင်း ၉၄ ရွာတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။ ထန်တလန်မြိုပေါ်ရှိဒေသခံပြည်သူများသည် မြို့ကိုစွန့်ခွာ၍ စစ်ဘေးတမ်းရှောင်နေကြရ သည်မှာ လေးလနီးပါးရှိနေပြီဖြစ်ကာ ၎င်းတို့ယူဆောင်လာကြသည့်ရိက္ခာများလည်းပြတ်လုနီးပါးဖြစ်သည့်အပြင် ထန်တလန် မြို့ပေါ်တွင်လည်း ရိက္ခာများ ပြန်သယ်ယူနိုင်ခြင်းမရှိတော့သည့်အတွက် အခက်ကြုံနေကြရခြင်းဖြစ်သည်။

ထို့အပြင်ဆောင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများအတွက် အနွေးထည်၊ စောင် လိုအပ်မှုမြင့် မားနေသည်ဟုလည်း Thantlang Placement Affairs Committee-IDPs Help တာဝန်ရှိသူကပြောသည်။ “ဆောင်းရာ သီဆိုတော့ သူတို့ အိမ်ကနေထွက်လာတဲ့အခါမှာ အနွေးထည်တွေ၊ စောင်တွေ ယူမလာကြဘူးဆိုတော့၊ တချို့နေရာတွေမှာ ဆိုရင် သူတို့က ဒီလိုမျိုး အနွေးထည်တွေ၊ စောင်လိုအပ်တော့ ဒုက္ခရောက်တဲ့သူတွေရှိတယ်”ဟု သူကပြောသည်။ အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်ခန့်ရှိသည့် ထန်တလန်မြို့တွင် စက်တင်ဘာလကစ၍ အာဏာသိမ်းစစ် ကောင်စီ နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Thantlang) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာသည့်နောက်ပိုင်း စစ်ကောင်စီ တပ်က မြို့ပေါ်တွင်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များစတင်လောင်ကျွမ်း လာခဲ့ခြင်းဖြစ်သည်။

၁၆။ တောင်ကုတ်မြို့နယ်မှ လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦး ဖမ်းဆီးခံရ
December 14, 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ လူငယ်ကွန်ယက်ဥက္ကဋ္ဌဖြစ်သည့် ကိုမင်းကိုဦးကို ယနေ့(ဒီဇင်ဘာ ၁၄ ရက်)နံနက် ၉ နာရီခန့်တွင် အရပ်ဝတ်နှင့်လူ ၇ ဦးမှ ကားတစ်စီးဖြင့် နေအိမ်သို့လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင် များထံမှ သိရသည်။ ကိုမင်းကိုဦးကို PDF အား ငွေကြေးထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့်ဖမ်းဆီးခြင်းဖြစ်ကာ လက်ရှိ တောင်ကုတ်မြို့နယ်ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အမှုဖွင့်ထားကြောင်း ကိုမင်းကိုဦး၏ ဖခင် ဦးခင်မောင်စိန်ကပြောသည်။

“မနက် ၉ နာရီမှာ အရပ်ဝတ်နဲ့လူတွေလာဖမ်းတာပါ။ ရန်ကုန်ဖက်က PDF တွေကို ငွေကြေးထောက်ပံ့ပေးနေတာကြောင့် ဖမ်းသွားရမယ်လို့ပြောတယ်။ အခုတော့ ရဲစခန်းမှာ သူ့ကိုအမှုဖွင့်ထားပါတယ်”ဟု ဖခင်ဖြစ်သူ ဦးခင်မောင်စိန်ကပြောသည်။ ကိုမင်းကိုဦး မှာ တောင်ကုတ်မြို့နယ်အတွင်းမှ လူငယ်များအတွက် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကိုဗစ်ကာလ စားဝတ်နေရေးအခက်အခဲရှိသူများကို အလှူငွေ ကောက်ခံကာ ကူညီထောက်ပံပေးခြင်း စသည့်လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။ ကိုမင်းကိုဦးမှ PDF အဖွဲ့ အား ငွေကြေးထောက်ပံ့သည်ဆိုသော စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်း ဖခင်ဖြစ်သူကဆိုသည်။ ကိုမင်းကိုဦးကိုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် တောင်ကုတ်မြို့နယ်ရဲစခန်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ်အတွင်းမှ အမျိုးသမီးငါးဦးနှင့် အမျိုးသားသုံးဦးတို့မှာလည်း ဖမ်းဆီးခံထားရပြီး ယင်းအထဲတွင် သံတွဲခရိုင်မှ ခြောက်ဦး၊ မြောက်ဦးခရိုင်မှ တစ်ဦး၊ ကျောက်ဖြူ ခရိုင်မှတစ်ဦးတို့ ပါဝင်သည်။ ထိုသို့ဖမ်းဆီးခံထားရသူများမှာ သံတွဲမြို့မှ ဦးစိန်ချစ်၊ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်၊ ငပလီ မြို့မှ ကိုရဲနိုင်ဦးနှင့် မငြိမ်းအိဖြူ၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(ခ)အောင်နိုင်မြင့်၊ တောင်ကုတ်မြို့မှ အထက် တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်နှင့် ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်တို့ ဖြစ်ကြသည်။

၁၇။ ဖယ်ခုံမြို့ ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူ ၁၉ ဦး တောင်ကြီးရဲစခန်းတွင် ချုပ်နှောင်ခံထားရ
December 13, 2021

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် စစ်ကောင်စီက ဒိုင်းကာအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ၁၉ ဦးကို တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင် ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။ ထို ရွှေပြည်အေး ဒေသခံ ၁၉ ဦးကို ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်အကြမ်းဖက်ပုန်ကန်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ “တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းကို ရောက်သွားပြီလို့တော့ သိရတယ်။ သူတို့အကုန်လုံးကို နိုင်ငံတော်အကြမ်းဖက် ပုန်ကန်မှုနဲ့ အမှုဖွင့်ထားတာ။ ဘယ်နေ့က တောင်ကြီးကို ခေါ်သွားလဲတော့ ကျနော်တို့လည်း သေချာမသိရဘူး။ စုံစမ်းကြည့်တော့ သူတို့ တောင်ကြီးရောက် သွားပြီလို့ သိလိုက်ရတယ်” ဟု ရွှေပြည်အေးကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ် တစ်ခါသာ ရရှိသေးကြောင်း၊ လက်ရှိတွင် တောင်ကြီး အမှတ် (၁) ရဲစခန်းတွင် တွေ့ဆုံး ရန်အတွက် ချိန်းဆိုထားသော်လည်း ရဲစခန်းမှ တွေ့ခွင့်မပေးဘဲ ရက်ချိန်းလိုက်ကြောင်းသိရသည်။ “ဖုန်းနဲ့တစ်ခါ အဆက်သွယ် ရလိုက်တယ်။ ပြီးခဲ့တဲ့ စနေနေ့က သွားတွေ့ဖို့ ရက်ချိန်းထားတာ။ သူတို့ကမပေးတွေ့ဘူး။ ရဲတွေကတွေ့ခွင့်ရက်ကို ပြန်ပြီး ချိန်းလိုက်တာ။ ကျနော်တို့ အခုထိ မတွေ့ရသေးဘူး။ သူတို့ ကျန်းမာရေး အခြေနေ ဘယ်လိုရှိလဲ ကျနော်တို့ မသိရသေး ဘူး” ဟု ဖမ်းဆီးခံရသူ၏ မိတ်ဆွေ အမျိုးသားတစ်ဦးက ပြောသည်။

ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူများသည် ချွင်းချက်မရှိ ပြန်လွှတ်ပေးသင့်ကြောင်း၊ ၎င်းတို့သည် သာမန် ပြည်သူများသာဖြစ် ကြောင်း၊ ကျေးရွာမှ ထွက်ခွာ၍ မရသောကြောင့် ဖမ်းခံရသူများဖြစ်ကြောင်း အထက်ပါ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ “သူတို့ကို အမှုမဖွင့်သင့်ဘူး။ သူတို့ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးသင့်တယ်။ သူတို့က ဘာမှ လုပ်တဲ့သူတွေလည်း မဟုတ်ဘူး။ ရိုးရိုးသာမန်ပြည်သူတွေဘဲ။ ရွာထဲကနေ မထွက်ပြေးနိုင်လို့ ကျန်ခဲ့ပြီး ဖမ်းဆီးခံရတာပါ” ဟု ရွှေပြည်အေး ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ ထိုရွှေပြည်အေးကျေးရွာ ဒေသခံ (၁၉ )ဦးကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ (၂၉) ရက် နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

၁၈။ မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းများ လေးပုံတစ်ပုံသာကျန်ရှိ
December 13, 2021

မွန်ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်း ၂၄၀ ကျော်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် လုပ်ငန်းဆက်လက်လုပ်ကိုင်နေသူ ၆၀ ကျော် ဖြစ်သည့်အတွက် လေးပုံတစ်ပုံခန့်သာ စာရင်းရှိတော့ကြောင်း ပြည်နယ်မွေးမြူးရေးလုပ်ငန်းရှင်းအသင်းမှ သိရသည်။ ပြည်ပမှ ဝင်ရောက်လာသော မွေးမြူရေးအစာနှင့် ဆေးများဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိလာ သလို ငွေကြေးအရင်းအနှီးအလိုလိုပျောက်ကွယ်သွားသောကြောင့် လုပ်ငန်းရပ်နားခဲ့ရခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“အခုလက်ရှိ လုပ်ငန်းရှင် ၂၄၀ ကျော်ကျော်မှာ ၁၈၀ လောက် ရပ်သွားတဲ့အနေအထားပေါ့။ လုပ်ငန်းလည်ပတ်နေတဲ့သူတွေ တောင် မလည်ပတ်နိုင်တဲ့ အခြေအနေကို ရောက်သွားတာပါ”ဟု ၎င်းက ပြောသည်။ လက်ရှိတွင်လည်း ကျန်ရှိနေသည့် မွေးမြူ ရေးလုပ်ငန်းလုပ်ငန်းများ ရပ်နားလိုက်ရမည့်အနေအထား ပိုများလာနိုင်ကြောင်း ၄င်းကဆက်ပြောသည်။ ထို့ပြင် ရာသီ အကူး တွင် ဖြစ်တတ်သော ကူးစက်ရောဂါများ ဖြစ်ပွားနေသောကြောင့် ကြက် နှင့် ဝက် မွေးမြူရေးလုပ်ငန်းရှင်များ အရှုံးပေါ်နေ ကြောင်း သထုံမြို့နယ်မှ ဝက်မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။ မွန်ပြည်နယ်တွင် အသားစားကြက်၊ ဥစားကြက်၊ ဝက်၊ ဘဲ၊ ဆိတ်တို့ကို အဓိကထား မွေးမြူနေကြကြောင်း သိရသည်။ ယခုနှစ် ငါးဖမ်းရာသီတွင် မွန်ပြည်နယ်အတွင်း ငါးရရရှိမှု နှုန်း ယခင်နှစ်ထက် နည်းပါးလာကြောင်း ငါးလုပ်ငန်းရှင်များက ပြောသည်။

၁၉။ ပူတာအို‌ဒေသခံလူငယ် ၃၀ ခန့်ကို စစ်တပ်ကဖမ်းဆီး
December 14, 2021

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက အသည်းနှလုံးရေကန် အပန်း‌ဖြေနေရာမှာ ထိုင်နေတဲ့ ပူတာအို ဒေသခံ လူငယ် အယောက် ၃၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပူတာအို လူငယ်တစ်ဦးက “ဒီ‌ကန်ဘောင်(အသည်းနှလုံးရေကန်)က ပူတာအိုလူငယ်တွေ အပန်းဖြေတဲ့နေရာတစ်ခုပါ။ မနေ့ညတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေရောက်လာပြီး ကန်ဘောင်မှာ လာရောက်အပန်းဖြေတဲ့ လူငယ် တွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်။” လို့ ပြောပါတယ်။ ဖမ်းဆီးခံ လူငယ်တချို့ကို ဒီဇင်ဘာ ၁၃ ရက်ညနေပိုင်းမှာ ပြန်လွှတ်ပေး ခဲ့ပြီး တချို့ကိုတော့ နယ်မြေခံ စစ်တပ် ၄၆ တပ်ရင်းမှာ ဆက်လက်ဖမ်းဆီးထားတယ်လို့လည်းဒေသခံက‌ ပြောပါတယ်။

လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးကလည်း‌ “မနေ့ည ‌ကန်ဘောင်မှာ ထိုင်တုန်း စစ်သားတွေ လူဖမ်းနေတယ်လို့ ကြားကြား ချင်းပဲ တောဘက်ကို ပြေးခဲ့ကြတယ်။ တောမှာလည်း သူတို့စစ်သား‌တွေက နေရာယူပြီးဖြစ်လို့ မနေ့ညက အကုန်ဖမ်းဆီးခံခဲ့ရ တယ်။ ကျနော်တို့ကိုတော့ စစ်သင်တန်းယူလား မေးပြီး မယူဘူးလို့ ပြောလိုက်တော့ ပြန်လွှတ်ပေးတယ်” ပြောပါတယ်။ လူငယ်တွေကို နွားသူခိုးဖမ်းရင်းနဲ့ အကုန်ဖမ်းဆီးလိုက်တာဖြစ်ပြီး ပူတာအိုမြို့မှာ ည ၁၀ နာရီကျော်တဲ့အထိ မူးနေတဲ့သူတွေ ကို ဖမ်းဆီးနေတာလို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဘက်ကပြောပါတယ်။ ပူတာအိုခရိုင်မှာ စစ်တပ်အာဏာသိမ်းပြီး နောက် စစ်ကောင်စီရဲ့ လက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က ပူတာအိုလူငယ်တွေကို ဖမ်းဆီးဖို့အတွက် သတင်း ပေးလုပ်တာ၊ လမ်းပြလုပ်တာအပြင် အသက်ကြီးပိုင်းကိုလည်း စစ်သင်တန်းတက်ဖို့ အဓမ္မ စေခိုင်းနေတာ ရှိတယ်လို့ သိရပါတယ်။

၂၀။ ဝိုင်းမော်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များမှ ဒေသခံအချို့ကို KIA မသင်္ကာမှုဖြင့် ဖမ်းဆီးနေ
December 14, 2021

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပတ်သက်သည်ဟု မသင်္ကာသောပြည်သူတစ်ချို့ကို လိုက်လံဖမ်းဆီးနေသည်ဟုသိရသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များသည် ဝူယန် ကျေးရွာ မနက်စျေးတွင် အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မွန်းလွဲပိုင်းကလည်း လူနေအိမ်အချို့ကို ဝန်းရံကာ ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဝိုင်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။ “ဒီကနေ့ မနက်ကဘဲ မနက်စျေးမှာ စစ်ကောင်စီတပ်သားတွေ စစ်အင်အားအပြည့်နဲ့ ယောကျာ်း တစ်ယောက်ကို ကား နဲ့ ဖမ်းသွားတယ်။ အဲ့လိုဘဲ အခု ညနေပိုင်းမှာလည်း နောက်တစ်ယောက်ကို လိုက်ဖမ်းနေတယ်။ ဘာလို့ လိုက်ဖမ်းနေလည်း မသိဘူး” ဟု ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်ကလည်း စစ်ကောင်စီတပ်သားများ ရှောင်တခင်ဝင်ဖမ်းသော ဝူယန်ကျေးရွာမှ အမျိုးသား တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။ နံနက်ပိုင်း ဝူယန်စျေးအတွင်း ဖမ်းဆီးခံရသူမှာ ဝါးရှောင်ကျေးရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် ကို ခွန်းအောင် ဆိုသူဖြစ်ပြီး လက်ရှိ ၎င်းကို မည်သည့် နေရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ပြောသည်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် လီဆူပြည်သူ့စစ်အဖွဲ့တို့ လိုက်လံ ဖမ်းဆီးနေသည်မှာ စစ်တပ်သတင်ပေးများကြောင့် ဖြစ်သည်ဟု သူက ဆက်ဆိုသည်။

ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာတွင်လည်း ပြီးခဲ့သော လပိုင်းမှစတင်ကာ လီဆူပြည်သူ့စစ်ဂိတ်ထားရှိပြီး ဖြတ်သန်းသွားလာ သော ပြည်သူများကို စစ်ဆေးမှုနှင့် ငွေကြေးကောက်ခံမှုများပြုလုပ်နေသည်ဟု ဒေသခံများ ပြောသည်။ ပြီးခဲ့သောလပိုင်း များ က ဝိုင်းမော်ရှိ ၅၈ တပ်ရင်းနဲ့ ဗလမင်းထင် စုပေါင်းဂိတ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက် တိုက်ခိုက် ခဲ့ပြီးနောက် စစ်ကောင်စီ နှင့် ၎င်း၏ ပြည်သူ့စစ်အဖွဲ့တို့မှ မြို့တွင်းဖမ်းဆီးမှုများနှင့် စစ်ရေးဂိတ်များကို တိုးမြှင့်ချလာခြင်းဖြစ်သည်ဟု သိရသည်။

၂၁။ ကျေးသီးမြို့နယ် ဆယ်ကျော်သက် လူငယ် တစ်ဦး မြေမြုပ်မိုင်းနင်းမိ
December 14, 2021

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် အသက် (၁၅)နှစ်အရွယ် ယောက်ျားလေး တစ်ဦး ခြံသွားရင်း မြေမြုပ်မိုင်း နင်းမိ ကြောင်း စုံစမ်းသိရှိရသည်။ ကျေးသီးမြို့နယ် ဝမ်ခုန့်ကျေးရွာအုပ်စု ကောင်းမူးကျေးရွာမှာ (ဒီဇင်ဘာ ၁၃)ရက် မနက် ၈ နာရီခွဲ တွင် ပြောင်းခြံအသွား မြေမြုပ်မိုင်းနင်းမိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကျေးသီးဒေသခံ တစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။ “ပြောင်းခြံမှာ ရှိထားတဲ့ သူ့မိဘတွေဆီသွားရင်း မြေမြုပ်မိုင်းနင်းမိတာ။ ဒဏ်ရာကတော့ ပြင်းထန်တယ်။ ကျော ပြင်၊ ခြေထောက်၊ လည်ပင်းတွေမှာလည်း ထိတယ်လို့ ကြားရတယ်။ ကျေးသီးပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်” ဟု ကျေးသီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လုံးဝီး ပါဆောင် တို့၏ သားဖြစ်သည့် စိုင်းပန်းစိုင် အသက် (၁၅)နှစ်အရွယ်သည် လက်ရှိမှာ ကျေးသီးပြည်သူ့ဆေးရုံတွင် ဆေး ကုသမှု ခံယူနေကြောင်း သိရှိရသည်။ ကျေးသီးမြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင် သျှမ်းတပ် (၂)တပ်တို့သည် ဇွန်လက စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။

၂၂။ KNDF နဲ့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေကြောင်း NUG ပြော
December 14, 2021

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တို့ဟာ စစ်ဆင်ရေး နဲ့ နိုင်ငံရေးကိစ္စတွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီဇင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ KNDF ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP) လက် အောက်ခံ ကရင်နီတပ်မတော် (KA) နဲ့ အတူလက်တွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးမှာ တပ်ဦးကနေတွန်း လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တဲ့အပြင်၊ စနစ်ကျတဲ့ ဖွဲ့စည်းပုံ၊ စစ်ဦးစီးမှု၊ ခိုင်မာတဲ့ မူဝါဒတွေနဲ့ ကရင်နီပြည် အတိုင်ပင် ခံကောင်စီ (KSCC) ရဲ့ ကြီးကြပ်မှုအောက်မှာ ရပ်တည်နေတယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။

ဒါ့အပြင် KNDF ဟာ ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့ကြောင့် KNDF ကို ကာကွယ်ရေး ဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) က အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း အဲ့ဒီကြေ ညာချက်မှာဖော်ပြပါတယ်။ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးရဲ့ထုတ်ပြန် ကြေညာ ချက်နဲ့ ပတ်သက်ပြီး KNDF အဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

၂၃။ သန်းနဲ့ချီတဲ့ဒုက္ခသည်တွေဆီ ကူညီမှာကို စစ်ကောင်စီ ပိတ်ပင်နေကြောင်း HRW အဖွဲ့ပြော
December 13, 2021

အိုးပစ်အိမ်ပစ်ထွက်ပြေးရတဲ့သူတွေ၊ အန္တရာယ်ကြုံနေရသူတွေမှာ စားနပ်ရိက္ခာဆေးဝါးဆိုတဲ့ လူသားချင်း စာနာမှု အကူအညီ အလွန်အမင်းလိုအပ်နေလို့ သူတို့ဆီအရောက်ပေးမယ့်ကိစ္စကို စစ်ကောင်စီက ပိတ်ဆို့ တားမြစ်နေတယ်လို့ HRW လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ အကူအညီတွေကို ဒီလူတွေအားလုံးဆီ အမြန်ရောက်နိုင်ဖို့ ကုလသမဂ္ဂ၊ အာဆီယံအသင်းနဲ့ သက်ဆိုင်ရာ အစိုးရတွေက စစ်ကောင်စီကို ဖိအားပေးသင့်တယ်လို့ HRW က တိုက်တွန်းပါ တယ်။ ပြီးခဲ့တဲ့လပိုင်းတွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းတွေကို စစ်ကောင်စီနဲ့ သူ့တပ်ဖွဲ့ ဝင်တွေက ခရီး သွားလာခွင့် ကန့်သတ်ချက်သစ်တွေ ချမှတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

လမ်းတွေပိတ်ဆို့ခဲ့သလို၊ အကူအညီပေးမယ့်ပစ္စည်းတွေပါတဲ့ ယာဉ်တန်းတွေကို တားမြစ်ခဲ့ပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပစ္စည်း တွေကို ဖျက်ဆီးတဲ့အပြင် ဝန်ထမ်းတွေပါ တိုက်ခိုက်ခံရတဲ့အကြောင်းနဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးလိုင်းတွေပါ ဖြတ် တောက်ခံခဲ့ရတယ်လို့ HRW က ဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အာဏာသိမ်းမှုကို ဆန္ဒပြသူတွေနဲ့ နိုင်ငံရေး အရ ဆန့်ကျင်သူတွေကို စစ်ကောင်စီက နိုင်ငံတစ်ဝန်း နှိမ်နင်းနေတာဟာ Crime Against Humanity လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပြီး လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်လို့ ပြောပါတယ်။

တချို့တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပိုဖြစ်လာပြီး စစ်ရာဇဝတ်မှုတွေ ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။ ဒီအခြေ အနေကြောင့် ဘေးလွတ်ရာ ထွက်ပြေးရတဲ့သူပေါင်း ၂၈၄၀၀၀ ကျော် ရှိနေပြီး၊ အိန္ဒိယနဲ့ ထိုင်းကို ထွက်ပြေးရတဲ့သူက ၂၂၀၀၀ လောက်ရှိနေတယ်လို့ HRW က ပြောပါတယ်။ ကုလသမဂ္ဂက ဒုက္ခသည်တွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၁၀၉ သန်း လို အပ်ပေမယ့် ၁၈ ရာခိုင်နှုန်းပဲ အလှူငွေရလို့ မလုံလောက်တဲ့ကာလမှာ၊ အခုလို ဒုက္ခသည်တွေထပ်များတဲ့အတွက် လာမယ့် ၂၀၂၂ ခုနှစ်မှာ လိုအပ်မယ့်ရန်ပုံငွေပမာဏာ အမေရိကန်ဒေါ်လာ ၈၂၆ သန်းရှိနေတယ်လို့လည်း ခန့်မှန်းတွက်ချက်ထား ပါတယ်။

၂၄။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်ပို့မော်တော်များ မလုံလောက်၍ ကုန်တင်ယာဉ်များ ပိတ်ဆို့နေ
December 13, 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်စပ် ကုန်သွယ်ရေးစခန်းကနေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့ရာမှာ မော်တော် ဘုတ်တွေ မလုံလောက်တာကြောင့် ကုန်တင်ထားတဲ့ ကုန်တင်ကားတွေ ပိတ်ဆို့နေတယ်လို့ သိရပါတယ်။ တစ်ဖက် ဘင်္ဂလား ဒေ့ရှ် ကို ကုန်တင်ပို့နေတဲ့ မော်တော်ဘုတ်က ၈ စီးလောက်သာရှိပြီး ပြည်မက ကုန်စည်တွေ အဝင်များလာတာကြောင့် အခုလို ပိတ်မိနေတာပါ။ “ဟုတ်တယ်။ မော်တော်ဘုတ်တွေ လုံလောက်မူ မရှိဘူး။ ကုန်တွေကလည်းများများ ရောက်လာတာကြောင့် ပါ။ ကုမ္ပဏီတွေဘက်မှာလည်း မော်တော်ဘုတ်တွေ ထိန်းသိမ်းရတာ အခက်အခဲတွေရှိတယ်” လို့ မောင်တောမြို့ကုန်သည်ကြီး များအသင်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

မောင်တောချောင်းက ဒီရေအတက်အကျနဲ့ မော်တွေ ဝင်/ထွက်ရတာမို့ ကုန်တွေ အချိန်နဲ့ တပြေးညီ တင်ပို့နိုင်ဖို့ အခက်တွေ့ နေကြတာပါ။ ကုန်တင်ကားတွေ မောင်တော ဝင်/ထွက်စခန်း POE ဘုတ်ဆိတ်မှာ သောင်တင် ပိတ်ဆို့နေတာကြောင့် လမ်း သွားလမ်းလာပြည်သူတွေလည်း အခက်တွေ့နေကြတာပါ။ အခုလိုကြန့်ကြာမှု ရက်ရှည်လာပါက ကြက်သွန်တွေနဲ့ ငါးမြစ်ချင်း တွေ အချိန်မီ မရောက်နိုင်ဘဲ ပျက်စီးဆုံးရှုံးမှုများနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

“ကညင်ချောင်းစီးပွားရေးဇုန်က လမ်းတွေ မပြုပြင်နိုင်သေးတော အခုထိမဖွင့်လှစ်နိုင်သေးဘူး။ ဘုတ်ဆိတ်ဘက်က ကုန်သွယ် ရတာ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ဒီရေမရှိတော မော်တော်ဘုတ်ရှိရင်လည်း ကုန်တွေတင်လို့ မရနိုင်ပါဘူး။ ဇုန်မှာဆိုတော့ ကားတွေကြိုက်သလောက် ရပ်လို့ရတယ်။ အခုက လမ်းပိတ်ဆိုတာတွေ ဖြစ်တာပေါ့” လို့ ကုန်သည် မာမတ်ဆီဒတ်က ပြောပါ တယ်။ အောက်တိုဘာ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃ သိန်း ၄ သောင်း ၆ ထောင်ဖိုးလောက် ကုန်သွယ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာကေ တင်ပို့ကုန်ကုန်ပမာဏ ကန်ဒေါ်လာ ၁၅၈၃၃၃၅ အထိ ပိုမိုကုန်သွယ်နိုင်ခဲ့တယ်လို့ မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်းက သိရပါတယ်။

၂၅။ နမ္မတူမြို့နယ် စားသောက်ဆိုင်အတွင်း TNLA စားသုံးစရိတ်များကို ရွာသူကြီးတချို့ ကုန်ကျခံရ
December 13, 2021

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ရှိ စားသောက်ဆိုင်များသို့ ဝင်ရောက်စားသောက်သည့် TNLA တပ်သားများ၏ ကုန်ကျစရိတ် များကို ကျေးရွာသူကြီးများက ကုန်ကျခံပြီး ရှင်းပေးရကြောင်း သတင်းသိရသည်။ “နမ္မတူမြို့နယ်ထဲ တချို့ရွာမှာ စခန်းချနေ တဲ့ စစ်သားတချို့တွေက အဲ့ရွာထဲမှာရှိတဲ့ စားသောက်ဆိုင်ဝင်ထိုင်ရင် စားသောက်ကုန်ကျစရိတ်က သူတို့အစား ရွာလူကြီး ပေးပေးနေရတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့နယ် မန်စံကျေးရွာအတွင်းတွင် စခန်းချနေသည့် TNLA စစ်သားများသည် ဆိုင်ထိုင်စားသောက်ပြီး ကုန်ကျသည့် ပိုက်ဆံများကို မပေးဘဲ စာရင်းဘောင်ချာကို မှတ်ထားခိုင်းကာ ကျေးရွာလူကြီးထံသို့ တောင်းခိုင်း ကြောင်း ဒေသခံများက ပြော သည်။ “ဆိုင်ရှင်တွေကလည်း သူတို့ကို (TNLA တပ်သား) အတင်းအကြပ်မပြောရဲတော့ ရွာလူကြီးဆီကိုပဲ ဘောင်ချာ စာရွက် နဲ့ သွားတောင်းရတယ်၊ ရွာလူကြီးကလည်း သူတို့စီကအမိန့်ရထားလို့လား ဘာကြောင့်လည်းမသိဘူး၊ ဆိုင်ရှင်တွေ လာတောင်း တော့ ပေးရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ TNLA တပ်သားများမှ ယင်းကဲ့သို့ မတရားလုပ်ဆောင်မှုကို တချို့ သောရွာသားများမှ တိုင်ကြားလိုသော်လည်း အသက်အန္တရာယ်ကျရောက်မည် စိုးရိမ်သဖြင့် မပြောရဲကြောင်း ဒေသခံများက ပြောသည်။

“တချို့ရွာက ပြည်သူပိုင်တဲ့ ကားတွေ ဆိုင်ကယ်တွေကို TNLA တွေက အလကား ယူသုံးတယ်၊ သူတို့သုံးလို့ ပျက်စီးသွားရင် လည်းမပြင်ပေးတဲ့အပြင် လာလည်းမပို့ပေးဘူး၊ ပိုင်ရှင်ကိုယ်တိုင်ကပြန်သွားယူခဲ့ရတာ၊ ပြည်သူတွေကကြောက်တယ်၊ ဘယ်သူ့ ကိုမှမပြောရဲမတိုင်ရဲဘူး”ဟု နမ္မတူမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ ယခုရက်ပိုင်းအတွင်း TNLA တို့သည် ၎င်းတို့သွားလာလှုပ်ရှားစခန်းချသည့် သျှမ်းပြည်အတွင်းမှ ကျေးရွာများတချို့ကို တအာင်း(ပလောင်) အမျိုးသားတပ်မတော် (TNLA) အလံလွှင့်ထူရန် စေခိုင်းညွှန်ကြားမှုများ ရှိနေသည့် သတင်းများလည်း ထွက်ပေါ်လာသည်။

၂၆။ ကရင်နီ စစ်ရှောင်စခန်းများတွင် ကိုဗစ်ရောဂါလက္ခဏာဖြင့် သေဆုံးသူ ၂၀၀ နီးပါးရှိလာ
December 14 , 2021

ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်အပါအဝင်၊ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်ဘက် စစ်ရှောင်စခန်းတွေမှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူ ၂၀၀ လောက်ရှိတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လူသားချင်းစာနာထောက်ထားမှု ကော်မတီကနေ သိရပါတယ်။ ဖယ်ခုံမိုးဗြဲအပါအဝင် ကရင်နီဒေသက ကျေးရွာအပါအဝင် စစ်ရှောင်စခန်းတွေမှာ ဩဂုတ်လ လောက်ကစပြီး ကိုဗစ်- ၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ရာမှာ စက်တင်ဘာလမှာ အဆိုးဆုံး အခြေအနေကြုံတွေ့ခဲ့ရတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ခွန်းမြင့်နိုင် ကပြောပါ တယ်။

“ကျနော်တို့က စဖြစ်တဲ့အချိန်ကနေ သတိပြုမိတဲ့အချိန်ပေါ့ ဒီဩဂုတ်လကနေစပြီးတော့ ပြန်ကြည့်မယ့်အချိန်မှာ စက်တင်ဘာ၊ အောက်တိုဘာမှာ နည်းနည်းပိုပြင်းထန်တယ်ဗျာ။ ဒီနိုဝင်ဘာလလယ်အထိ ပြင်းပြင်းထန်ထန်တွေရှိတယ်။ ကိုဗစ်ကြောင့် ဆုံးပါးသွားတယ်ဆိုတာကို ကျနော်တို့က အတိအကျတော့ မပြောနိုင်ပေမယ့် ကိုဗစ်လက္ခာဏာကြောင့် ဆုံးပါးသွားတဲ့ဟာတွေ ကတော့ ကျနော်တို့ ဒီးမော့ဆိုရော၊ ဖယ်ခုံရော မိုးဗြဲရော၊ တချို့ရွာတွေမှာပါဆိုရင် အယောက် ၂၀၀ နီပါးလောက်ရှိတယ်ဗျာ။ ဥပမာ ကျနော်တို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက ခူးပရာဆိုတဲ့ကျေးရွာမှာ သူ့ရဲ့ သင်းအုပ်ဆရာတော် မိသားစု တစုလုံး ကိုဗစ်ကြောင့် ဆုံးပါးသွားတယ်။ လင်မယားရော၊ သူ့သားရော၊ သူ့သမီးတွေပါ အကုန်လုံးဆုံးပါးသွားတယ်။” သေဆုံးသူအမျာ စုက ကိုဗစ်လက္ခဏာနဲ့ သေဆုံးတာဖြစ်ပြီး ဆေးဝါးကျန်းမာရေးလိုအပ်ချက်အရ သူတို့ကို ကိုဗစ်-၁၉ စစ်ဆေးနိုင်ခြင်းမရှိ ကြောင်းလည်း ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေက ဒေသခံ သိန်းချီပြီး တောတောင်ထဲ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ကိုဗစ်-၁၉ ကပ်ရောဂါအပြင် တုပ်ကွေးရောဂါတွေ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ သိန်းနဲ့ချီတဲ့ ဒီ စစ်ရှောင်တွေဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ လက်လှမ်းမမှီနိုင်ကြသလိုဘဲ တခြား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲနဲ့ လည်း ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ခွန်းမြင့်နိုင်က ပြောပါတယ်။ စစ်ရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် တခြားဆေးဝါးမလုံလောက်ဖို့ မိခင်ကလေး ဆုံးရှုံးရတွေ၊ အာဟာရ လုံလောက်စွာမရလို့ သေဆုံးရတာတွေနဲ့လည်း ရင်ဆိုင်ကြုံ တွေ့ နေကြရပါတယ်။

၂၇။ မိုင်းကိုင် စစ်ရှောင် (၁၃၀)ကျော်အတွက် အလှူရှင်လိုအပ်
December 14, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များ (၁၃၀)ကျော် ကျန်ရှိနေပြီး အလှူရှင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ထို စစ်ရှောင်များသည် တိုင်းရင်းသားလက်နက်ကိုင် အချင်း ချင်း တိုက်ပွဲကြောင့် ဒီဇင်ဘာ (၈)ရက်က ကျေးရွာ (၄)ရွာ ထွက်ပြေးလာရပြီး ယနေ့ချိန်ထိ ကျေးရွာ (၂)ရွာမှ ဒေသခံများ မပြန် နိုင်သေးကြောင်း ဟမ်းငိုင်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ကျမတို့ (၂)ရွာက မပြန်ရဲသေးဘူး။ ကျမတို့ နေတဲ့ ရွာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတော့ မပြန်ရဲကြဘူး။ လက်နက်ကြီးတွေ ရွာထဲ ကျမှာစိုးရိမ်ရတယ်။ အလုပ်တွေလဲ မသွားလုပ်ရဲကြဘူး။ ပြန်လည်း တအားပြန်ချင်နေပြီ။ တချို့လည်း ပြောင်းတွေ မယူရသေးဘူး။ တချို့လည်း စပါးမရိတ်ရသေး ဘူး” ဟု ဝမ်ဖာလမ်းကျေးရွာဒေသခံ စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။

ကုန်းစုံဘုန်းကြီးကျောင်းက ကျန်ရှိသည့် စစ်ရှောင် (၁၃၄) ဦးသည် ဝမ်ဖာလမ်းကျေးရွာ နှင့် ဝမ်ပိုက်နားမွန်းကျေးရွာ မှ ဒေသခံ တို့ ဖြစ်ကြကြောင်းသိရှိရသည်။“စားသောက်ရေးပိုင်းမှာ အခက်ခဲဖြစ်တယ်။ ကူညီချင်တဲ့သူတွေတော့ လာချင်တယ်။ ဒါပေမယ့် သတင်းတွေ နားစွင့်ပြီးတော့ လာရတယ်။ အနွေးထည်တွေ စောင်တွေလည်း လိုအပ်တယ်။ နံပတ် (၁)တော့ စားသောက်ရေး ပိုင်းတွေဖြစ်တယ်” ဟု ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦးက ပြောသည်။

၂၈။ ဖားဆောင်းနှင့် ရှားတောမြို့နယ် ဒေသအချို့ကို Stay at Home ပယ်ဖျက်
December 13 , 2021

ကယားပြည်နယ် ဖားဆောင်းမြို့နယ်နဲ့ ရှားတောမြို့နယ်တို့က ဒေသအချို့ကို နေအိမ်တွင်းနေထိုင်ရေး (stay at Home) အစီ အစဉ်ကနေ ပယ်ဖျက်လိုက်တယ်လို့ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီဇင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်လိုက် ပါတယ်။ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို အချိန်နဲ့တပြေးညီဆောင်ရွက်ရာမှာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ ပြည်နယ်အတွင်း ရောဂါကူးစက်မှု များပြားနေတဲ့ သက်ဆိုင်ရာမြို့နယ်တွေကို (Stay at Home) သတ်မှတ်ကြေညာခဲ့ပါတယ်။ လက်ရှိ မှာတော့ သက်ဆိုင်ရာပြည်နယ် အဝန်းအဝိုင်းနယ်မြေအတွင်း နေထိုင်သူအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေကို တိကျစွာလိုက်နာတဲ့အတွက် လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိမှု လျော့နည်းလာခဲ့ တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဖားဆောင်းမြို့နယ် မော်ချီးဒေသ၊ လိုခါးလိုကျေးရွာအုပ်စုနဲ့ ရှားတောမြို့နယ် ရှားတောင်မြို့စည်ပင် သာယာရေး နယ်နိမိတ်တွေကို ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက် ၄ နာရီကစပြီး Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်တာလို့ ထုတ်ပြန်ထားပါတယ်။ ဖားဆောင်းမြို့နယ် မော်ချီးဒေသ၊ လိုခါးလို ကျေးရွာအုပ်စုမှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်တာ ကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့ကစပြီး Stay at Home သတ်မှတ်ကြေညာခဲ့တာပါ။ မြို့နယ် နှစ်ခုက ကိုဗစ်ကူးစက်မှု လျော့နည်းသွားတဲ့ ဒေသကို Stay at Home ပယ်ဖျက်လိုက်ပေမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ လူပေါင်း ၆၇ ဦးကို ကိုဗစ်-၁၉ စစ်ဆေးခဲ့ရာ ၂ ဦး ပိုးတွေ့ရှိခဲ့တယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဖော်ပြထားပါတယ်။

၂၉။ ဗဟိုကော်မတီ နှစ်သစ်ကူး အကျဉ်းချုပ်သာ ကျင်းပမည်
December 14, 2021

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ၏ လာမည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျရောက်မည့် ကရင် နှစ် ၂၇၆၁ ခု ကရင်နှစ်သစ်ကူးပွဲတော်ကို အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်ကျောင်းတိုက်၌ အကျဉ်းချုပ်ဖြင့်သာ ကျင်းပသွား မည်ဟု ကော်မတီအတွင်းရေးမှူး မန်းသန်းဝင်းဦးက ပြောသည်။ “နှစ်သစ်ကူး ကရင်အမျိုးသား အလံတင်အခမ်းအနားကို ကော်မတီဝင်တွေနဲ့သာ ကိုဗစ်စည်းကမ်းနဲ့အညီ အစဉ်အလာမပျက် အကျဉ်းချုပ် ကျင်းပသွားမယ်။ အလံတင်အခမ်းအနားပြီး ရင် နှစ်သစ်ကူးဟောပြောပွဲလုပ်မယ်၊ နောက်ပြီးတော့ ကရင့်ဘိုးဘွားတွေကို ပူဇော်ကန်တော့ပွဲလုပ်သွားမယ်။ ဒီလောက်ပဲ ရှိ မယ်” ၎င်းက ပြောသည်။

ထို့အပြင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီက နှစ်စဉ် တစ်နှစ်တစ်ကြိမ် ထုတ်ဝေဖြန့်ချိသည့် ကရင့်ကြေးမုံ မဂ္ဂဇင်းကိုလည်း ယခုနှစ်တွင် ထုတ်ဝေသွားမည်ဟု ကျင်းပရေးကော် မတီက ပြောသည်။ ၁၉၆၄ ခုနှစ်အတွင်းက ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေးနှင့်ပတ်သက်၍ ကရင်တို့အကြား ဝိရောဓိ အငြင်းပွားမှုများဖြစ်ပေါ်ကာ နှစ်သစ်ကူးကျင်းပရေးအတွက် မရေမရာ ဖြစ်နေချိန်တွင် ရန်ကုန်ရောက် ကရင် ကျောင်းသားများနှင့် ကရင်လူကြီးများက ဦးဆောင်ကာ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်)ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်သစ်ကူးပွဲတော်ကို ယခုတိုင် ကျင်းပလျက်ရှိသည်။

၃၀။ ဂွမြို့နယ်တွင် စာသင်ကျောင်းတစ်ကျောင်း မီးရှို့ခံရမှုဖြစ်ပွား
December 14, 2021

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွာမရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၃ နာရီ အချိန် က မီးရှို့ခံခဲ့ရကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ အဆိုပါစာသင်ကျောင်းမီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ သွား ရောက်ငြိမ်းသတ်ခဲ့သဖြင့် ၁၀ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ကျောင်း၏သစ်သား ကြမ်းခင်းအနည်းငယ် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဂွမြို့နယ်ဒုတိယပညာရေးမှူး ဦးသန်းနိုင်က ပြောသည်။ “မီးရှို့တဲ့သူ တွေ ဘယ်သူတွေဆိုတာကိုမသိဘူး။ လောလောဆယ်တော့ ရဲဌာနမှာထူးခြားဖြစ်စဉ်နဲ့အမှုဖွင့်ထားတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ စာသင်ကျောင်းမီးရှို့ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းလျက်ရှိကြောင်း ဂွမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြော သည်။ မီးလောင်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းမှသစ်သားကြမ်းခင်းကို ပြန်လည်ပြုပြင်ပြီး ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)တွင် ကျောင်းပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ဂွမြို့နယ်မှ ကျောင်းသား မိဖတစ်ဦးက “ကျနော့်ကလေးကတော့ အဲဒီကျောင်းမှာ တက်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ အခုလိုအေးချမ်းစွာပညာသင်ကြား ချိန် ဆူပူအောင်၊ ကျောင်းသားတွေကြောက်ရွံ့အောင်၊ ကျောင်းသားမိဘတွေစိုးရိမ်အောင် မလုပ်သင့်ဘူး။ အခုဆိုကျနော်တို့ ကလေးတွေအတွက် စိုးရိမ်နေရပြီ”ဟု ပြောသည်။

လက်ရှိမှာ ဂွမြို့နယ်အတွင်း စာသင်ကျောင်းမီးရှို့ခံရမှုဖြစ်လာသည့်အတွက် ဆူပူမှုတစ်စုံတစ်ရာဖြစ်ကာ ကျောင်းများပြန်ပိတ် သွားမည်ကို စိုးရိမ်ကြောင်းလည်း ကျောင်းသားမိဘများကပြောဆိုကြသည်။ အခြေခံပညာအတန်းများကို မတ်လအတွင်းနှင့် တက္ကသိုလ်ဝင်တန်းများကို ဧပြီလအတွင်း စာမေးပွဲဖြေဆိုရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ဂွမြို့နယ်အတွင်းတွင် အခြေခံပညာစာသင်ကျောင်းစုစုပေါင်း (၁၄၀)ကျောင်းရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား/သူဦးရေ (၁၀၇၄)ဦး ရှိခဲ့ ကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၃၁။ ရာမညနိကာယဥက္ကဌ ဘဒ္ဒန္တ ဝဏ္ဏသာရအား မဟာချူလာလောင်ကွန်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူ Ph.D ဘွဲ့ချီးမြှင့်၊ မွန်ဆရာတော် ၁၁ ပါးနှင့် အရပ်သား ၂ ဦးတို့ ဘွဲ့အသီးသီးရရှိ
December 12, 2021

ရာမညနိကာယဂိုဏ်း ဥက္ကဌဆရာတော် ဘဒ္ဒန္တဝဏ္ဏသာရအား ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှ ဂုဏ်ထူး ဆောင် ပါရဂူ Ph.D (Honor)ဘွဲ့တံဆိပ် (2020) ချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါတက္ကသိုလ်တွင် ပညာသင်ကြားပြီးမြောက် အောင် မြင်ခဲ့သော မွန်ဆရာတော် ၁၁ ပါးနှင့် အရပ်သား ၂ ဦးတို့ကိုလည်း ဘွဲ့တဆိပ်တော်အသီးသီး ချီးမြှင့်ဆက်ကပ်ပေးအပ်ခဲ့ ကြောင်းသိရသည်။ အယုဒ္ဓယမြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်၌ ဒီဇင်ဘာ ၁၁ ရက်နေ့ကကျင်းပသည့် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Ph.D (Honor) ဆက်ကပ်ခံရသည့်ဆရာတော်၊ MA ဘွဲ့ရ သံဃာတော် ၂ ပါးနှင့် အရပ်သား တစ်ဦး၊ BA ဘွဲ့ရ သံဃာတော် ၉ ပါးနှင့် အရပ်သား ၁ ဦး စုစုပေါင်း ၁၄ ပါး/ဦးနှင့် မွန်ပြည်နယ်က ဒါယကာအချို့ တက်ရောက်ခဲ့ ကြောင်း Ph.D (နိုင်ငံရေးသိပ္ပံ) တက်ရောက်နေသည့် ဆရာတော် ပုပ္ဖဟံသာက မွန်သတင်းအေဂျင်သို့ မိန့်ကြားခဲ့သည်။

“မဟာချူလာတက္ကသိုလ်မှာ မွန်သံဃာတော်တွေ ပညာလာရောက်သင်ကြားနေတဲ့အထဲက BA နဲ့ MA ဘွဲ့လာယူတဲ့အခမ်း အနားမှာ ဘုန်းကြီး ၁၁ ပါးနဲ့ အရပ်သား ၂ ယောက် အားလုံး ၁၃ ဦး တက်ရောက်ပါတယ်။ ဒါ့အပြင် Ph.D ချီးမြှင့်ခံရတဲ့ ဆရာ တော်တစ်ပါးအပါအဝင် အားလုံးအတွက် ဂုဏ်ပြုပွဲတွေ ပြုလုပ်ခဲ့ပါတယ်”ဟု ဆရာတော် ပုပ္ဖဟံသာက မိန့်ကြားသည်။ မော်လမြိုင်မြို့ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ် ကျောင်းထိုင်ဆရာတော် သီလာစာရက“ထိုင်းနိုင်ငံမှာရော နိုင်ငံတကာတွေမှာပါ သွားရောက်ပြီး ပညာဆည်းပူးနေကြတဲ့ မွန်သံဃာတော်တွေရဲ့ အရင်းခံစိတ်ဓါတ်ကတော့ မိမိလူမျိုးကိုမြှင့်တင်လိုတဲ့ ဆန္ဒရှိကြ တယ်လို့ ယုံကြည်ပါတယ်၊ မွန်အတော်များများဟာ အမျိုးမချစ်တာ မရှိသလောက်ပါပဲ၊ ဒါပေမယ့် အမျိုးကိုချစ်ပုံချင်းကသာ မတူကွဲပြားနေကြတာပါ၊ မိမိတို့ မွန်သံဃာတော်တွေဟာ မွန်စာပေလေ့လာသင်ကြားပြီးတော့ အမျိုးချစ်ကြတယ်၊ သာသနာ တော်ကို စောင့်ရှောက်ကြတယ်၊ အမျိုးသားယဥ်ကျေးမှုကို ထိန်းသိမ်းကြဖို့ တိုက်တွန်းတယ်၊ မွန်တွေအားလုံးမှာ အမျိုးကိုမြှင့် တင်တာချင်း တူညီကြပေမယ့် ပညာရေးအပိုင်းကို မြှင့်တင်ပေးနေတဲ့ ပုဂ္ဂိုလ်တွေက အမြင့်မြတ်ဆုံးပဲလို့ ဆိုချင်ပါတယ်၊ ကမ္ဘာ ပေါ်က တခြားလူမျိုးတွေနဲ့ ပုခုံးချင်းယှဉ်နိုင်ဖို့က ပညာရေးကအဓိကအကျဆုံးပါ၊ ဒါကြောင့် ပညာဒါနဖြန့်ဝေပေးတာကလည်း အမြင့်မြတ်ဆုံးအလုပ်ပါပဲ”ဟု ဘွဲ့တဆိပ်တော်ဆက်ကပ်ခြင်း ဂုဏ်ပြုပွဲတွင် မိန့်ကြားသည်။

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်၌ ၂၀၁၂ ခုနှစ်ကတည်းက ဆရာတော် သီလစာရ ဦးစီး၍ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်ကို ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓတက္ကသိုလ်နှင့်ကောလိပ် ၂၁ ခုက အသိအမှတ်ပြုထားကြောင်း၊ ဤတက္ကသိုလ်မှ ဒီပလိုမာတန်းအောင်မြင်ပြီးပါက မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓတက္ကသိုလ်နှင့် ကောလိပ်တွင်မဆို BA တန်းကို ဆက်လက် သင်ကြားခွင့်ရရှိမှာဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရာမညနိကာယဂိုဏ်းသည် ရွှေကျင်၊ မဟာရင်နှင့် သုဓမ္မာဂိုဏ်းရှိ မွန်သံဃာ များဖြင့် စုပေါင်းထားဖွဲ့စည်းထားသည့်အတွက် မွန်အမျိုးသားတို့၏ အထွဋ်အမြတ်ဆုံး ဗုဒ္ဓဘာသာဂိုဏ်းကြီးဖြစ်သည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။