• Today is: Friday, April 26, 2024

Part – 2 : NUG – EROs မဟာမိတ်ဖြစ်တည်မှုမှာ ပေါက်လာနိုင်တဲ့ အက်ကြောင်းများ

တော်လှန်ရေးအတွက် အရေးအကြီးဆုံး NUG နဲ့ EROs မဟာမိတ်ဖြစ်တည်မှု။ ဖိအားတွေအောက်မှာ ဘယ်လိုခရီးဆက်ကြမလဲ။
 
– အီဂေါဗလာဇီဗစ်(သူ့အတွေးသူ့အမြင်)
 
Part – 2 : NUG – EROs မဟာမိတ်ဖြစ်တည်မှုမှာ ပေါက်လာနိုင်တဲ့ အက်ကြောင်းများ
———————
 
ဖိအားတွေရှိနေတဲ့ ကြားမှာ NUG – EROs မဟာမိတ်ဖြစ်တည်မှုမှာအက်ကြောင်းကိုဖြစ်စေနိုင်တဲ့ အရေးကြီးတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကိုသတိထားပြီး နိုင်ငံရေး သတ္တိ၊ ဥာဏ်အမြော်အမြင်၊ မြဲမြံတဲ့ သန္နိဌာန်တွေနဲ့ ကိုင်တွယ်ဖြေရှင်းကြမှ တော်မှာပါ။
 
နွေဦးတော်လှန်ရေးလို့ခေါ်တဲ့ ဒီလူထုအုံကြွမှုကြီးရဲ့ အဓိက ပန်းတိုင်ဟာ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ဖယ်ရှားဖို့ ၊ စစ်တပ်က အာဏာပိုပြီးချုပ်ကိုင်ခွင့်ရလာတာကိုတားဆီးဖို့၊ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားဖို့တို့ဖြစ်ကြပါတယ်။
 
(အခုထက်ထိ ဒီအချက်တွေကို အသေးစိတ်မဖွင့်ဆိုခဲ့ကြသော်လည်း နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေက တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် စစ်တပ်က ဂုတ်စီးထားတာကို ဖယ်ရှားဖို့ကို လိုရင်းသဘောထားခဲ့ကြပါတယ်။)
 
EROs တွေရဲ့ ပင်မရည်မှန်းချက်ဟာ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်ကို ပိုပြီးမြင့်မြင့်မားမားရရှိလာဖို့၊ မိမိတို့ လူမျိုးစုနယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နေထိုင်လာနိုင်ဖို့ကို ရည်ရွယ်လာခဲ့ကြပါတယ်။
NUG ကျတော့ သုံးရပ်သုံးဖလှယ်က ထောက်ခံမှုနဲ့ ပေါ်ထွန်းလာခဲ့တာ ဖြစ်တယ်။
 
ပထမအားကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တပြည်လုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ NLD ရဲ့ ရွေးကောက်ပွဲကရတဲ့ အားဖြစ်ပါတယ်။ ဒုတိယကတော့ တစ်ပြည်လုံး အုံကြွပါဝင်ခဲ့တဲ့ Civil Disobedience Movement နဲ့ နွေဦးတော်လှန်ရေးကနေ ရလာခဲ့တဲ့ အကြမ်းမဖက် လူထုလှုပ်ရှား ကနေ လာပါတယ်။ တတိယအားကတော့ EROs အချို့ဟာ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ မဟာမိတ်အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ချက်ကနေ လာပါတယ်။
 
အာဏာသိမ်းဖို့ကြိုးစားတဲ့ နောက်ပိုင်းမှာ ဖြစ်လာခဲ့တဲ့ နိုင်ငံရေးပဋိပက္ခနဲ့ အကြမ်းဖက် နှိမ်နင်း ခံရမှုတွေကြားမှာပဲ NUG (NUCC အပါအဝင်) အဖွဲ့တွေကို ဖွဲ့စည်းနိုင်ခဲ့ကြပြီး NLD,နွေဦးတော်လှန် ရေးနဲ့ CDM သမားများ၊ EROs)များ သုံးဦးသုံးဖလှယ်စလုံးဟာ အသီးသီး ကိုယ်စီငဲ့ကွက်စရာတွေ ကြားကပဲ စစ်အာဏာရှင်ကို ဘုံရန်သူအဖြစ်တိုက်ထုတ်ရာမှာ ဦးဆောင်ဦးရွက် အဖွဲ့အစည်းအဖြစ် ခေါင်းခံခဲ့ကြတယ်။
 
မြန်မာနိုင်ငံရဲ့ အစစ်အမှန် နိုင်ငံရေးမှာ စစ်အာဏာရှင်တော်လှန်ရေးကို ဇောင်းပေးလိုကြတယ်ဆိုရင် ဒီ ဒီတော်လှန်ရေးထဲ ပါဝင်သူအသီးသီးအတွက် တော်လှန်ရေးကြီးထဲကနေ နှစ်လိုလက်ခံနိုင်မယ့် ရလဒ်တွေ အသီးသီး ဘယ်လို ပေါ်ထွက်လာနိုင်မလဲဆိုတာကို အားလုံးက ရှင်းရှင်းလင်းလင်း နားလည်လက်ခံနိုင်ကြတဲ့ အနေအထားတစ်ရပ်ရှိဖို့လိုပါတယ်။
 
NLD၊ နွေဦးတော်လှန်ရေးသမားတွေ၊ CDMတွေနဲ့ NUGတို့ဟာ ရည်ရွယ်ချက်တွေပြည့်ဝဖို့ဆိုရင် စစ်တပ်ကိုနိုင်ငံရေးကနေ ဖယ်ရှားပစ်နိုင်မှ၊ မင်းအောင်လှိုင် အမှူးပြုတဲ့ စစ်ခေါင်းဆောင်တွေကို နိုင်အောင်တိုက်မှ ဖြစ်မှာပါ။
 
ဒီတော်လှန်ရေးအင်အားစုတွေမှာ တခြားရွေးချယ်စရာလည်းမရှိပါဘူး။ သူတို့မကျရှုံးရင် ကိုယ်နစ်နာမယ့် အနေအထားပါ။ မင်းအောင်လှိုင်နဲ့ တပ်က မြန်မာ့နိုင်ငံရေးထဲကနေ ပြုတ်ရင်ပြုတ် မပြုတ်ရင် တော်လှန်ရေးသမားတွေ ချေမှုန်းခံရပြီး တော်လှန်သူတွေ အပြစ်ပေးခံရရင် ကျဆုံးတဲ့ တော်လှန်ရေးဖြစ်သွားပါလိမ့်မယ်။
 
EROs တွေက မိမိတို့အလိုလားဆုံးဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ် ပြဌာန်းခွင့် တွေကို ရရှိလာနိုင်ဖို့ဆိုရင် အထက်က ပြောသလို တစ်လမ်းတည်း ရွေးစရာရှိတာမဟုတ်ပါဘူး။
 
မင်းအောင်လှိုင်ရဲ့ တပ်ကို နိုင်အောင်တိုက်ပြီး ဖယ်ဒရယ်ဒီမိုကရက်တစ် မြန်မာပြည်ကို တည်ထောင် နိုင်ပါတယ်။ ဒါပေမယ့် ဒီရည်မှန်းချက်ကို ရောက်ဖို့ဆိုရင် တစ်ကွေ့ကွေ့မှာတော့ မဟာဗျူဟာအရ NUG နဲ့ ညှိနှိုင်းပြီး မဟာမိတ်ပြုနိုင်တယ်ဆိုရင် စစ်တပ်ဟာ သိသိသာသာ အားပျော့သွားမှာပါ။
 
အဲဒီလိုအားပျော့သွားတဲ့ စစ်တပ်ဟာ (အခုလည်း အားတော်တော် လျော့နေပါပြီ) တပ်ဘက်ကို အလေးသာဖို့ အသင့်ဖြစ်နေတဲ့ EROs တွေကို လာဘ်ထိုးပြီး အပေးအယူတွေ လုပ်လာမှာပါ။
 
ဒါပေမယ့် တပ်ဟာ အခုတော်လှန်ရေးသမားတွေ၊ နွေဦးတော်လှန်ရေးအစုအဖွဲ့တွေနဲ့ အဲဒီလို အပေးအယူလုပ်ချင်စိတ်လုံးဝမရှိပါဘူး။ EROsတွေဘက်က ကြည့်ရင် မြန်မာပြည်မှာ ဗမာပြည်မကို စစ်တပ်က ဆက်ပြီး ထိန်းချုပ်ထားနိုင်ရင်တောင်မှ EROsတွေ ထိန်းချုပ်တဲ့ လူမျိုးစုနယ်မြေတွေမှာ အာဏာပိုရလာစရာ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုမိုဖြစ်ထွန်းစရာ အလားအလာတွေ ရှိနေနိုင်ပါတယ်။
 
မအလ၊ စစ်တပ်နဲ့ ခြစားနေတဲ့ ငြိမ်းချမ်းရေးနဲ့ စေ့စပ်ဆွေးနွေး‌ရေးပွဲစားတွေဟာ တစ်ဖက်က NUG နဲ့ တော်လှန်ရေးသမားတွေ၊ တစ်ဖက်က EROs တွေကြားမှာ ရှိနေကြတဲ့ မတူခြားနားတဲ့ ဦးတည်ချက်တွေ အကြောင်းကို ကောင်းကောင်းသိပါတယ်။
 
ဒါက NUG – EROs မဟာမိတ်မှာ ပေါ်လာနိုင်တဲ့ အက်ကြောင်းပါ။ ဒီအက်ကြောင်းကိုပဲ စစ်တပ်က လည်း ပိုကျယ်အောင် ချဲ့နေပါတယ်။ EROs ခေါင်းဆောင်တွေနဲ့ EROsတွေရဲ့ မဟာဗျူဟာရေးဆွဲရေး အပေါ်မှာ သြဇာရှိမယ်ထင်တဲ့ သူတွေကို NUGဟာ မမြဲနိုင်ဘူးလို့ စစ်တပ်က သတင်းစကားပါး နေပါတယ်။
 
ငါတို့ စစ်တပ်က တော်လှန်ရေးကို ဖြိုချပြီး နောက်ဆုံးမှာ အနိုင်ယူသွားနိုင်လောက်တဲ့ အင်အားရှိတယ်။ ငါတို့စစ်တပ်က ရုရှား၊ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်က ထောက်ခံမှုတွေကို ရထားတယ်။ ငါတို့စစ်တပ်မှာ ဓာတ်‌ငွေ့နဲ့ သဘာဝသယံဇာတတွေက ရတဲ့ ဝင်ငွေတွေရှိတယ်။
 
မင်းတို့ရဲ့ အရပ်သား တွေကို ငါတို့က အပြစ်ဒဏ်ခတ် ချေမှုန်းပစ်နိုင်တယ်။ မင်းတို့ စာသင်ကျောင်းတွေ၊ တေးဂီတပွဲတွေ၊ ရွာတွေကို ငါတို့ မီးရှို့ပစ်နိုင်တယ်။ ဆရာ ဆမ်ဆွန်လို မင်းတို့ရဲ့ လူသိများ ထင်ရှားတဲ့ ခေါင်းဆောင်တွေကို ငါတို့ ဖမ်းချုပ်ထားနိုင်တယ်။
 
ငါတို့က မင်းတို့ ဆီက အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ IDPsတွေဆီသွားမယ့် စားနပ်ရိက္ခာတွေ၊ လောင်စာဆီတွေ၊ ဆေးဝါးတွေ အရောက်ပို့နိုင်တဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်နိုင်တယ်။ အဲဒီနေရာတွေကို ဒါတွေ ပို့လို့ရမယ် မရဘူးဆိုတာ တို့လက်ထဲမှာပဲရှိတယ်။
 
မင်းတို့ကို လာမယ့် proportional – representation အချိုးကျ ကိုယ်စားပြုနိုင်မယ့် ပါလီမန်ထဲမှာ ထိုင်ခုံတွေပေးနိုင်တာက ငါတို့စစ်တပ်ပဲ။ မင်းတို့ကို အမြတ်အစွန်းကြီးမားတဲ့ လုပ်ငန်းလိုင်စင်တွေနဲ့ လုပ်ငန်းလက်ဝါးကြီးအုပ်ခွင့်ကိုပေးနိုင်တာလည်း ငါတို့ပဲ။
 
မင်းတို့ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေမယ် ဆိုရင်လည်း ငါတို့ မျက်လုံးမှိတ်ထားပေးနိုင်တယ်။ မင်းတို့အတွက် ပိုပြီးကောင်းမယ့် ဖယ်ဒရယ် အပေးအယူကို ငါတို့နဲ့ ညှိလို့ ရတယ်။ မင်းတို့ တပ်တွေကို ပြည်သူ့စစ်အနေနဲ့ ထားခွင့်လည်းရမယ်။
 
တပ်တွေအပြင် မင်းတို့ လုပ်ချင်တဲ့ တရားမဝင်ရော တရားဝင်ရော စီးပွားရေးတွေ လုပ်ခွင့်ရမယ်။ မင်းတို့ဆီမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေတွေလည်း ရလာဦးမယ်။ ငါတို့တပ်နဲ့သာ အပေးအယူလုပ်ပါ။ PDF တွေကို ကူညီနေတာကို ရပ်လိုက်ပါ။
 
NUG နဲ့ လက်တွဲ ဆောင်ရွက်နေတာတွေ ရပ်ပစ်လိုက်ပါ။ သူတို့ရှုံးနိမ့်သွားမှာကို နောက်ဆံငင်မနေပါနဲ့။ အဲဒါဆိုရင် မင်းတို့နဲ့ ငါတို့ပေါင်းပြီး “federation of greed and corruption” လောဘနဲ့ ပျက်စီးခြင်း တိုင်နေတဲ့ ဖယ်ဒရေးရှင်းတစ်ခု ငါတို့ ထောင်လို့ရပြီ။” ဆိုတာက တပ်က EROs တွေကိုပေးနေတဲ့ သတင်းစကားပါပဲ။