• Today is: Friday, March 29, 2024

စစ်ကောင်စီက နှစ်ဖက်တိုက်ပွဲထဲမှ မကျေနပ်ချက်ကြောင့် မုံးကိုးခရိုင် MNDAA အထူးဒေသ(၁) ခံတပ်ကို Su-30 တိုက်လေယာဉ်ဖြင့် တိုက်ခိုက်တယ်လို့ဆို

The Kokang – ထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၈

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ ဒုတိယပတ်က နှစ်ဖက်တိုက်ပွဲထဲမှာ ထိခိုက်သေဆုံးမှု ကြီးမားခဲ့တာကြောင့် မုံးကိုးခရိုင်ထဲက လိုင်ရင်ဒေသရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA)၏ အထူးဒေသခံ (၁) ခံတပ်ကို မကျေနပ်ချက်များစွာဖြင့် Su-30 တိုက် လေယာဉ်ဖြင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ MNDAA ဘက်က ပြောဆိုလိုက်ပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဟာ Su-30 တိုက်လေယာဉ်ဖြင့် ဗုံးသီး (၁၀)လုံးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။  

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ခံတပ်ထဲက MNDAA ရဲဘော် ၁ ဦး အသက်ပေးစွန့်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ကိုးကန့်ဒေသ နမ့်ဖာတောင်တိုက်ပွဲမှာ MNDAA ဘက်မှ ထိခိုက်ကျဆုံးမှု လုံးဝ မရှိဘဲ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးမှုအပေါ် မကျေနပ်ချက်ရှိနိုင်တာကြောင့် စစ်ကောင်စီဟာ MNDAA ကို ဦးတည်ပြီး ယခုလို လက်စားချေ လာရောက် တိုက်ခိုက်ခြင်းဖြစ်တယ်လို့ MNDAA ဘက်က သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နှင့် ၂၃ ရက်နေ့ နှစ်ရက်တာ မုံးကိုးဒေသ နှစ်ဖက်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ MNDAA တပ်ဖွဲ့တို့ကြား နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာမှု ဖြစ်ပွားနေပြီး အနီးကပ် စောင့်ကြည့်နေတဲ့ အခြေအနေကို ဆက်လက်ဦးတည်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်၏ ယခုလို သာလွန်အင်အားအပြင် တိုက်လေယာဉ်တို့ဖြင့်ပါ လာရောက် ဗုံးကြဲ တိုက်ခိုက် ခြင်း တို့ဟာ မြန်မာနိုင်ငံတစ်ဝိုင်းလုံး သို့မဟုတ် မြောက်ပိုင်း ဒေသများ၏ ပဋိပက္ခတွေကို ပိုမိုပြင်းထန် အောင် ပြုလုပ်ခြင်း ဖြစ်တယ်လို့ MNDAA က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန်က စပြီး မြန်မာပြည်သူလူထု တရပ်လုံးက တခဲနက် ကန့်ကွက် ဆန့်ကျင်နေသည့်အပြင် နိုင်ငံတကာ အတိုင်းအဝိုင်းကပါ ထိတွေ့ ဆက်ဆံခံရခြင်း မရှိနေတာကြောင့် အထီးကျန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့မှ တပ်ပြေးများလည်း နေ့စဉ်နဲ့အမျှ ပိုမို များပြားလာ၍ စစ်မြေပြင် အင်အား များစွာ လျော့နည်းနေပြီဖြစ်တယ်လို့ သုံးသပ်ပြော ဆိုပါတယ်။ ထို့ကြောင့် စစ်ကောင်စီဟာ လေကြောင်းဖြင့်တာ ဦးတည်အသုံးပြု တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

အလားတူ ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများဟာလည်း နေ့စဉ်လာရောက်ပူးပေါင်းမှုများဟာ ပိုမိုများပြားလာတယ်လို့ MNDAA က ထုတ်ဖော်ပြောဆိုလာပါတယ်။

MNDAA တပ်ဖွဲ့၏ လေ့လာစုံစမ်း စစ်ဆေးရေးအဖွဲ့၏သုံးသပ်ချက်အရ အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လေကြောင်းပစ်ခတ်မှုအရှိန်ကိုမြှင့်တင်ခဲ့ပြီး အရပ်သားနေအိမ်၊ စာသင်ကျောင်း ၊ မြို့ပြ အဆောက်အဦး များကိုအဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှုများကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အပါအဝင် အခြားနေရပ်ဒေသက အရပ်သားနှင့် ကျောင်းသား၊သူ အနည်းဆုံး လူဦးရေ ၁၀၀ ကျော် အသက် ပေးဆပ်ခဲ့ပြီး ဖြစ်တယ်လို့ ထောက်ပြ ပြစ်တင်ဝေဖန်ထားပါတယ်။