• Today is: Saturday, May 18, 2024

သေနတ် ၃ လက်ထိ ကိုင်ဆောင်ခွင့်ပြုကြောင်း စစ်ကောင်စီ ပြောလာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃
 
လူတဦးလျှင် သေနတ် ၃ လက်ထိ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ လက်နက်ကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီ၏ ပြည်ထဲရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ၅၄ /၂၀၂၃ နဲ့ ဇန်နဝါရီ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။
 
ဒါ့အပြင် လက်နက်ကိုင်ဆောင်ခွင့်အတွက် လိုင်စင်ထုတ်ပေးတာ၊ ပါမစ်ထုတ်ပေးတာဟာ ၁၉၇၇ ခုနှစ်က လက်နက် ကိုင်ဆောင်ရေးမူကို အခြေခံတယ်လို့ ဆိုပါတယ်။
 
ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေထဲမှာတော့ ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ် နဲ့ စက်သေနတ်ကလေး အုပ်စုဝင် သေနတ်တွေ ပါဝင်ပြီး ကိုင်ဆောင်လိုတဲ့ အရပ်သားပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှာ လျှောက်ထားရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေထဲမှာတော့ ဆုံလည်သေနတ်၊ ပစ္စတိုသေနတ်၊ ပြောင်းချောသေနတ်၊ အမဲလိုက်သေနတ်၊ လေသေနတ်တွေ ပါဝင်ပြီး အတွဲလိုက်ပစ်ခတ်နိုင်တဲ့ သေနတ်တွေတော့ မပါဝင်ပါဘူး။
 
စစ်ကောင်စီက အခုလို လက်နက်ကိုင်ဆောင်ခွင့်မူကို ဘယ်လို ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ရတာလဲ ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။
 
‌စစ်ကောင်စီ၏မူအရ သေနတ်ကိုင်ဆောင်ခွင့်သက်တမ်းကိုတော့ တစ်နှစ်သက်တမ်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
 
အခုလို စစ်ကောင်စီက အရပ်သားပြည်သူများကို သေနတ်ကိုင်ဆောင်ခွင့်ပြုတဲ့မူ ကျင့်သုံးလာတာဟာ ၎င်းတို့ စစ်ကောင်စီ၏ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့များအတွက် တရားဝင်လက်နက် ထောက်ပံ့ပေးတဲ့ ပုံစံအသွင် ဆောင် ဖန်တီးနေသလို ပြည်သူတွေအချင်းချင်းကြား ပဋိပက္ခပိုမိုကြီးထွား ရှုပ်ထွေးအောင် ဖန်တီးချင်နေတာ ဖြစ်တယ်လို့လည်း သုံးသပ် ထင်ကြေးပေးနေကြပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီ၏ လက်နက်ကိုင်ဆောင်ခွင့်မူ ကြော်ငြာအမိန့်ဟာ ဘယ်အချိန်ကနေ စတင်ပြီး အသက်ဝင် မလဲဆိုတာကို မသိရသေးပေမယ့် စစ်ကောင်စီ အာဘော် သတင်း စာမျက်နှာများကတော့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာကြတာ တွေ့ရပါတယ်။