• Today is: Tuesday, April 30, 2024

KNLA တပ်မဟာ ၄နှင့် ကော်သူးလေ အာမီတို့၏ ပြဿနာများကို ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တနင်္သာရီနိုင်ငံရေးအင်အားစုများ တောင်းဆိုစာထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၃၊ ၂၀၂၃
 
KNLA တပ်မဟာ ၄ နှင့် KTLA တို့ကြား ဖြစ်ပွားလျှက်ရှိသော ကိစ္စရပ်နှင့် ပတ်သတ်၍ တနင်္သာရီတိုင်း နိုင်ငံရေးအင်အားစုများမှ မတ်လ ၂ရက်နေ့ တွင် သဘောထား ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
 
အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် KNLA တပ်မဟာ ၄နှင့် KTLA တို့ တော်လှန်ရေး အပေါ် မိမိတို့ မူဝါဒ အရ ပါဝင်နေမှုကို လေးစားအသိမှတ်ပြုကြောင်း၊KNLA နှင့် KTLA တို့ အကြားဖြစ်ပွားနေသော ပြဿနာများအပေါ်မှာလည်း အာဏာရှင်ကိုမလိုလားသော ပြည်သူတွေ အနေနဲ့ စိုးရိမ်လျှက်ရှိကြောင်း၊ ညှိနှိုင်းအဖြေရှာကြဖို့နှင့် ဘုံရန်သူစစ်အာဏာရှင်ကို စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်သွားနိုင်ဖို့ကို မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။
 
အဆိုပါထုတ်ပြန်ချက်ကို တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ၁၀ခုရှိ နိုင်ငံရေး အင်အားစုများမှ စုပေါင်း ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ပါတယ်။
 
” ကျွန်တော်တို့အနေနဲ့တော့ အာဏာရှင်ကိုတော်လှန်နေတဲ့တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြားမှာဒီလိုပဋိပက္ခတွေမဖြစ်စေချင်ပါဘူး ဒါဟာတော်လှန်ရေးကိုလည်းထိခိုက်မှုတွေရှိလာမှုကိုစိုးရိမ်ပူပန်မိပါတယ် ဒီလိုအခြေအနေမျိုးတွေကို ကျွန်တော်တို့တိုင်းထဲမှာရှိနေကြတဲ့ ကရင်လူထုအပါအဝင် တော်လှန်သောပြည်သူတွေ နိုင်ငံရေးအင်အားစုတွေအနေနဲ့မလိုလားကြပါဘူး ကျွန်တော်တို့ရဲ့ဘုံရန်သူကိုညီညီညွတ်ညွတ်နဲ့လက်တွဲပြီးတိုက်စေချင်တာပါပဲ ” လို့ လောင်းလုံးမြို့နယ်နိုင်ငံရေး ဦးဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ဖက်ဒရယ်ဂျာနယ်မြန်မာကို ပြောပါတယ်။
 
လက်ရှိပြဿနာတွေကိုပြေလည်ဖို့အတွက်ကတော့ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာကြဖို့အတွက် မေတ္တာရပ်ခံတိုက်တွန်းတာမျိုးတွေလုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
 
KNLA တပ်မဟာ ၄ နှင့် KTLA တို့ အကြားမှာ လက်ရှိမှာ စစ်ရေးအရ တင်းမာလျှက်ရှိနေပါတယ်။