• Today is: Tuesday, April 16, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

ဖက်ဒရယ်ဂျာနယ်မြန်မာရဲ့ အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

(No. 18, March 3, 2023)

၁။ ကင်းထောက်လှမ်းသည့် CDF – KKG တပ်ဖွဲ့နှစ်ဦးပစ်ခတ်ခံရပြီး တစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်
March 3, 2023

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာသို့ သွားရောက်ကင်းထောက်သည့် CDF – KKG တပ်ဖွဲ့ဝင်တစ်ဦး ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ကလေးမြို့တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဇလပ် ရပ်ကွက် ခရိုင်ဆည်မြောင်းရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ရန် ကင်းထောက်လှမ်းစဉ် ပစ်သတ်ခံခဲ့ရပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ကပြောသည်။ “KKG က ကလေး နှစ်ယောက်က လက်နက်မပါဘဲ အရပ်ဝတ် ဆိုင်ကယ်နဲ့ကင်းသွားထောက်တာမှာ စကစ(စစ်ကောင်စီ)ဘက်က ကင်းရှည်နဲ့ သွားတွေ့တော့တာပါ။ ကင်းကလှမ်းတားတာကို မရပ်လို့ စကစက ဝိုင်းပစ်တော့တာပေါ့။ တစ်ယောက်က ဗိုက်ပွင့်သွားပြီး သေသွားတယ်။ တစ်ယောက်က ခြေထောက် ဖြတ်ပစ်ရမှာ” ဟုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ပစ်ခတ်ခံခဲ့ရသူနှစ်ဦးမှာ Chinland Defense Force Kalay – Kabaw – Gangaw (CDF – KKG) တပ်ဖွဲ့ ဝင်များဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တစ်ယောက်ကတော့ ချက်ချင်းသေသွားတယ်တဲ့။ တစ်ယောက်ကတော့ ခြေတောက်မှန် သွားတယ်တဲ့။ တစ်ဖက်ကလည်းဟိုဘက်ကို ကင်းထောက် ကိုယ့်ဘက်ကလည်းဒီဘက်ကို ကင်းထောက်နေတဲ့အချိန် ဖြစ်သွားတာ” ဟုပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က လည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်တွင် CNDF တပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်းသိရသည်။ https://www.facebook.com/The74Media/pho tos/a.116371983215665/757281595791364/

၂။ လက်နက်ကြီးထိမှန်၍ ဆယ်တန်းကျောင်းသားနှင့် ၎င်း၏ညီဖြစ်သူတို့သေဆုံး
March 2, 2023

စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်တွင် ဆယ်တန်းကျောင်းသားတစ်ဦး နှင့် ၎င်း၏ညီဖြစ်သူ တို့ သေဆုံးခဲ့သည်ဟု ယနေ့နံနက်ပိုင်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကဖော်ပြထားသည်။ ပြီးခဲ့သည့် နှစ်ရက် ဖေဖော်ဝါရီလ ၂၈ ရက် ည ၇:၂၀ နာရီကျော်အချိန်တွင် ဖယ်ခုံစစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ခေါင်းအိကျေးရွာအုပ်စု၊ ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့သသည်။ အဆိုပါလက်နက်ကြီးပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းတွင် စာကျက်နေသော အသက်၁၉ အရွယ် ဆယ်တန်း ကျောင်းသားနှင့် အသက်၁၅ နှစ်အရွယ် ၎င်း၏ညီဖြစ်သူတို့ သေဆုံးခဲ့သည်။ ထို့ပြင် ဘုန်းကြီးကျောင်း ဓမ္မာရုံနှင့် ဇရပ်ပျက်စီးခဲ့ ပြီး ဘုရားဆင်းတုများ၊ မီးစက်နှင့် အခြားသော အသုံးအဆောင်ပစ္စည်းများစွာ ပျက်စီးခဲ့ရသည်။

ဖယ်ခုံမြို့နယ်အတွင်းသို့စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေရာ ဖေဖော်ဝါရီလ ၂၇ ရက်၊ ည ၈ နာရီ တွင် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာ၌ လက်နက်ကြီး ၃ လုံး ကျခဲ့သည်။ လက်နက်ကြီးကျ ရောက်မှုကြောင့် ဘုန်းကြီးကျောင်းတွင် ရှိနေသောရွာသား အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး(ဗိုက်ပွင့် စိုးရိမ်ရ) နှင့် အသက် ၈နှ စ် အရွယ် ကလေးတစ်ဦး (နံရိုးထိ) ထိခိုက်ဒဏ်ရာရခဲ့သည်။ ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်တပ်များ လက်နက်ကြီးများ ဖြင့် နေ့စဥ်ရက်ဆက်ဆိုသလို အကြောင်းမဲ့ ပစ်ခတ်နေပါသောကြောင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြပါရန် KNDF က ဖော်ပြ ထားသည်။ https://www.facebook.com /thanlwinkhetnews/photos/a.21418911234 6995/1677436609355564/

၃။ ကန့်ကွက်မှုများရင်ဆိုင်နေရသည့် မြေရှားသတ္တုစီမံကိန်းအနီး KIA လုံခြုံရေးတင်းကြပ်ထား
March 1, 2023

ကန့်ကွက်မှုများ အပြင်းအထန်ရင်ဆိုင်နေရသော မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတည်ရှိရာ မံစီမြို့နယ်၊ ဒိန်ဆိန်းပါ ကျေးရွာသို့ သွားသည့်လမ်းတစ်လျှောက်တွင် ကေအိုင်အေစစ်ဆေးရေးဂိတ်များက စစ်ဆေးမှုတင်းကြပ်နေကြောင်း သိရသည်။ အင်ဘာပါ-လွယ်ဂျယ်လမ်းရှိ ခါနန်ဂိတ်နှင့် မံစီ-အင်ဘာပါလမ်းရှိ ဂျန်မိုင်ဂိတ်တွင် ယမန်နေ့မှစတင်ကာ လမ်းသွားလမ်းလာ ပြည်သူများ၏ နိုင်ငံသားစီစစ်ရေးကဒ်နှင့် လွယ်အိတ်များကို စစ်ဆေးပြီး မှတ်တမ်းများ ယူထားသည်ဟု အင်ဘာပါကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “မြေရှားတူးတဲ့ကုမ္ပဏီတွေကို နောက်ဆုံးထွက်သွားဖို့ သတိပေးထားတာဆိုတော့ သူတို့ (ကေအိုင်အေ) အရမ်းသတိထားပြီးနေတာပေါ့။ အရင်တုန်းက ဘာမှမစစ်ဘူး၊ သူတို့မီဒီယာကြောက်တာလည်းပါမှာပေါ့။ ဘယ် က သူစိမ်းတွေ ဝင်လာလည်းဆိုတာ မှတ်တမ်းယူထားတယ်လို့ မြင်တယ်” ဟုသူကပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က မြေရှားသတ္တုတူးဖော်ရေးကန့်ကွက်ကော်မတီဝင် ၄၃ ဦးက လက်မှတ်ရေးထိုးထားသော ကန့်ကွက်စာကို သက်ဆိုင် ရာဌာနများသို့ တင်ပြခဲ့သော်လည်း ဇန်နဝါရီ ၁၀ ရက်ကတွေ့ဆုံပြီး ကေအိုင်အိုအစိုးရဗဟိုဌာနချုပ်၏စီမံချက်ဖြစ်သောကြောင့် ဗဟိုဌာနချုပ်သို့ ဆက်လက်တင်ပြမည်ဟု ဗန်းမော်ခရိုင်ဌာနချုပ် အတွင်းရေးမှူးကပြောကြောင်းသိရသည်။ မြေရှားသတ္တုတူး ဖော်ရေးကန့်ကွက်ကော်မတီဝင်အချို့နှင့် ကေအိုင်အိုဗဟိုဌာနချုပ်မှ ကော်မတီဝင်အချို့တို့ ဇန်နဝါရီလ ၂၁ ရက်နေ့က လိုင်ဇာမြို့ တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ချိန် ဒု-ဗိုလ်ချုပ်ကြီးဂွမ်မော် က ဗဟိုကော်မတီအတွင်း ညှိနှိုင်းဆွေးနွေးပြီးမှ အကြောင်းပြန်လာ မည်ဟု ပြောဆိုထားသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ကြောင်း မြေရှားတူးဖော်ရေးလုပ်ငန်း ကန့်ကွက်ရေးကော်မတီဝင် တစ်ဦးကပြောသည်။ “ဗဟိုဌာနချုပ်စီမံချက်ဆိုတာက ကျွန်တော်တို့ကြားရတာက ရိုးသွားပြီ။ ဌာနချုပ်စီမံချက်ဖြစ်တယ်ဆိုတဲ့ ဒီစကားက ဌာနချုပ်က ကော်မတီဝင်တွေ အားလုံးသဘောတူပြီး တူးတာမဟုတ်ဘူး။ ဒီမြေရှားတူးဖော်မယ့်ကိစ္စကို ဗဟိုဌာနချုပ် က ကော်မတီဝင်တချို့တောင် မသိဘူးဆိုတော့ သူတို့လိမ်နေတာ အသိသာကြီးလေ” ဟုပြောသည်။

မြေရှားသတ္တုတူးဖော်ရေး တရုတ်ကုမ္ပဏီဝင်းများတွင် ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် ရဲများက အလှည့်ကျ ကင်းလှည့် ကာ လုံခြုံရေးယူစောင့်ကြည့်နေပြီး ယနေ့မှစတင်ကာ အင်အားတိုးချဲ့လာမည်ဟု ကြားသိရကြောင်း သူကဆက်ပြောသည်။ အဆိုပါအစည်းအဝေးပြုလုပ်ပြီးနောက် ဗဟိုဌာနချုပ်ကော်မတီမှ အဖွဲ့ဝင်သုံးဦးခန့် ကွင်းဆင်းကာ ဒိန်ဆိန်းပါဒေသသို့ နှစ်ကြိမ် လာရောက်ကြည့်ရှုသော်လည်း ဒေသခံများနှင့် ဆွေးနွေးတွေ့ဆုံခြင်းမရှိခဲ့ကြောင်း သိရသည်။ ကေအိုင်အိုအစိုးရက မြေရှား သတ္တုတူးဖော်ခြင်းနှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့သောစာတွင် “ကေအိုင်အိုအစိုးရက ဤဒေသရှိ မြေရှားသတ္တုတူဖော်ရေး လုပ်ငန်း စီမံချက်ကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ယခုမှ စတင်လုပ်ကိုင်မည်မဟုတ်။ အဆိုပါလုပ်ငန်းကို မည်သူမှကန့်ကွက် ခွင့်ခြင်း မပြုလုပ်ရကန့်ကွက်ပါက အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်”ဟု ရေးသားဖော်ပြထားသည်။ ဒိန်ဆိန်းပါဒေသတွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း ရပ်တန့်သွားခြင်းမရှိပါက လာမည့်မတ်လတွင် ကချင်ပြည်နယ်ရှိ ဒေသအသီးသီးမှ ပြည်သူ လူထုများ စုဖွဲ့မှုပြုလုပ်ကာ အင်အားအလုံးအရင်းဖြင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ -၂၄ ရက်အတွင်း ဆွမ်ပရာဘွမ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၅) ကြိမ်မြောက် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်၏ စီမံ အုပ်ချုပ်ရေးဆ်ိုင်ရာအစည်းအဝေးတွင် သဘောတူညီမှုများရရှိထားကြောင်း အစည်းအဝေးတက်ရောက်သူများထံမှသိရသည်။ https://www.faceboo k.com/The74Media/photos/a.116371983215665/756197545899769/

၄။ စစ်ကောင်စီစခန်း သိမ်းတိုက်ပွဲမှာ ကရင်နီတပ်မတော် ၁၀ ဦးကျဆုံး၊ နှစ်ပေါင်း ၇၀ ကျော်အတွင်းအများဆုံးကျဆုံးခဲ့
March 3, 2023

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ကုန်းပွိုင့်အမှတ် (၁၄၄၁) စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီ တပ်မတော် (KA) ဘက်က ၁၀ ဦးကျဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က အတည်ပြုပြော ပါတယ်။ “၁၀ ယောက်ကျတာကတော့လေ သူများပြောတာကတော့ မှန်တာပေါ့လေ။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် က အတည် ပြု ပါတယ်။ ကရင်နီတပ်မတော်ဘက်က တိုက်ပွဲအတွင်း အကျအဆုံးများတာဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အများဆုံးကျဆုံးခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ ယခင်က အများဆုံး ၅ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေသာ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။ “ခဏက ကျနော်တို့ ပြောတဲ့အတိုင်းပဲပေါ့လေ။ တိုက်ခိုက်ကြတာဆိုတော့ ဒီလိုမျိုး သေရေးရှင်ရေး၊ ဒဏ်ရာရ တာတွေတော့ ရှိကြတာပေါ့နော။ ဒါပေမယ့် ဒီတစ်ခေါက်များတာကတော့ စိတ်ဘယ်ကောင်းမလဲ။ စိတ်တော့မကောင်းဘူးပေါ့။ ဒါပေမယ့် တစ်ရက်တည်း မမြတ်ဘူးပေါ့။ အမြတ်မရှိဘူးပေါ့။ ကျနော့်ခံယူချက်ကတော့ ကလေးတွေနဲ့ နှိုင်းမယ်ဆိုလို့ရှိရင် ရှုံးတာပေါ့လေ။ ဒါပေမယ့် ဒါတွေက ဖြစ်ပြီးသားကိစ္စ မတတ်နိုင်ဘူးလေ။ ဒီအတိုင်းပဲ ကျနော်ကတော့ မှတ်ချက်ချရမယ်ထင် တယ်။” လို့ သူက ပြောပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကလည်း ၁၀ဦးအထက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

ထိုင်း-ကရင်နီနယ်စပ် BP-12 ကောက်ကောက်စခန်း အနီးမှာရှိပြီး စစ်ကောင်စီရဲ့ ခလရ (၁၃၅) ၊ ခလရ (၅၄)၊ အမြောက်တပ် အမှတ် (၃၆၀) တို့ အခြေပြုရာ တောင်ကုန်းပွိုင့်အမှတ် (၁၄၄၁) စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စခန်းသိမ်း တိုက်ပွဲအနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC)က မတ်လ ၂ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ၁၂၀ မမ လက်နက်ကြီး ၁ လက်၊ ၉ မမ (၁) လက်၊ ငါးကျင်းမြီး စက်လတ် (၁) လက်၊ MA -2 (၃) လက်၊ MA -4 (၁) လက်၊ အမျိုးအစားမသိ လက်နက် ၂ လက်နဲ့ ဗုံးသီး၊ ခဲယမ်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တို့ လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး တိုက်ပွဲအတွင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က (၂၂၄) ဦး ကျဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF) က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddyt imes.org/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80

၅။ ကော့သောင်း၌ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်၊ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံး
March 3, 2023

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၅ ကြိမ်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ အများအပြား ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်တွေကနေ သိရပါတယ်။ တိုက်ပွဲဖြစ်ပွား လေ့သိပ်မရှိတဲ့ ကော့သောင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က မာရမ်းကျေးရွာဘက်ကို စစ်ကား ၂ စီး၊ အင်အား ၆ဝ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ကော့သောင်းမြို့နယ် ဝိုင်ဒင်းကျေးရွာကို စစ်‌ကောင်စီအင်အား ၁၇ဝ ကျော်က စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး များခဲ့သလို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရှမ်းကိုးရွာက ပြည်သူ ၁၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တဦးက “လောလောဆယ် တိုက်ပွဲ ပထမအကြိမ်ဖြစ်ပွားပြီး တပ်ဦးမြိုင်၊ ဝိုင်ဒင်း၊ အေးမြသာယာရွာတွေကို ခေတ္တခနထိန်းချုပ်ပြီး လှုပ်ရှားဆောင်ရွက် တာတွေ လည်းရှိပါတယ်။ ကျနော်တို့ဘက်ကလည်း အရာရာ မပြည့်စုံတဲ့ကြားကနေ အကောင်းဆုံးဖြစ်အောင်တော့ ပြောက်ကျားစနစ် အတိုင်း ချုံခိုတိုက်ခိုက်ပြီး လှုပ်ရှားရမှာပါပဲ။ လောလောဆယ်တော့ စခတွေ ဒီနယ်မြေမှာ လှုပ်ရှားလိုက် ပြန်ဆုတ်လိုက်အနေ အထားမျိုးတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မလိဝမ်းကျေးရွာက စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်မှာလည်း ဝိုင်ဒင်းကျေးရွာအနီး တပ်စွဲထားတဲ့စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီ ဘက်က ၄ ဦးသေဆုံးတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ အထိ သေဆုံးခဲ့ပြီး ၅၈ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဆိုပါတိုက်ပွဲတွေကို ကော့သောင်းခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် အမှတ်-၁ နဲ့ ကော်သူးလေအာမီ ပြောက်ကျားတို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ရှမ်းကိုးရွာဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီကား ၂ စီးနဲ့ အင်အား ၃ဝ ခန့်ကို ဖော့သုတ်ကျေးရွာနားမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ ၁ ဦးနဲ့ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အနေနဲ့လည်း ဝိုင်ဒင်းကျေးရွာ၊ အေးမြမင်္ဂလာကျေးရွာနဲ့ တပ်ဦးမြိုင်ကျေးရွာတွေကို ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း ကြေညာထားပါတယ်။ http://burmese.dvb.no/archives/581 613

၆။ တစ်နှစ်နီးပါး ရပ်ထားသည့် သျှမ်းတပ်နှစ်တပ် တိုက်ပွဲပြန်ဖြစ်
March 2, 2023

တစ်နှစ်နီးပါး ရပ်ထားသည့် သျှမ်းတပ် (၂) တပ်သည် သျှမ်းပြည် လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ကျေးရွာ အနီး (ဖေဖော်ဝါရီ ၂) ရက် နံနက်ပိုင်း၌ တိုက်ပွဲပြန်ဖြစ်ပွားလာကြောင်း သတင်းရရှိသည်။ သျှမ်းတပ် (၂) တပ်ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ဖြစ်သည်။ မတ်လ ၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှ စပြီး နေ့လည် ၂ နာရီ ထိ သျှမ်းပြည် လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် နမ့်တွတ် အနီးတွင် သျှမ်းတပ်ဖွဲ့ နှစ်ဖွဲ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း RCSS/SSA ၏ Facebook Page (Tai Freedom) မှာ ထုတ်ပြန်ထားသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် SSPP/SSA တပ်ဖွဲ့မှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် RCSS/SSA တပ်စခန်း နေရာကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း Tai Freedom သတင်းစာမျက်နှာမှ ရေးသားထားသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းတွင် ရပ်စောက်မြို့နယ်အတွင်း၌ သျှမ်းတပ်နှစ်တပ်တို့ ထိတွေ့တိုက်ပွဲ နောက်ဆုံး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ် တွင်လည်း ဒေသခံများက အိုးအိမ်စွန့်ခွာစစ်ရှောင်ထွက်ပြေးခဲ့ရသည်။ https://burmese.shannews.o rg/archives/33310

၇။ ဖားကန့်ဒေသခံ အမျိုးသား (၁ဝဝ)ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား
March 2, 2023

ကချင်ပြည်နယ် ဖားကန့်မြို့ ရှရောခကျေးရွာမှာ နေထိုင်တဲ့ အမျိုးသား (၁ဝဝ)ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မတ်လ ၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် က ကား ၄ စီး၊ လူအင်အား (၄ဝ)ကျော်နဲ့ ရွာထဲကို ဝင်ရောက်လာပြီး တွေ့သမျှ အမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “စစ်ကောင်စီတွေက ရွာထဲကို ကားနဲ့ ဝင်လာတယ်။ ဘုန်းကြီးကျောင်းနားရောက်တော့ ကျည်ဆံ အတွဲလိုက် ပစ်လိုက်တယ်။ လက်နက်ကြီးသုံးလုံး ပစ်သွားတယ်။ တွေ့သမျှ ယောကျာ်းလေးတွေ အကုန်လုံး ဖမ်းဆီး သွားတယ်။ ရွာထဲမှာရှိတဲ့ အိမ်တိုင်းလိုလို ဝင်စစ်တယ်။ တံခါးပိတ်ထားတဲ့အိမ်ဆို ဖျက်ဆီးလိုက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ မိဘမဲ့ကလေးငယ် ၂ ဦးနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး သူက “ရွာထဲကို ဝင်လာတာက အင်အား (၄ဝ)ဝန်းကျင်လောက်ပဲရှိတယ်။ ရွာအပြင်မှာ ၃ ဖွဲ့လောက် အင်အားတွေ ဖြန့်ကျက်ထားတယ်။ ရှရောခရွာမှာတစ်ဖွဲ့ ဘောလုံးကွင်းမှာတစ်ဖွဲ့ လမ်းဆုံမှာတစ်ဖွဲ့ အင်အားတွေ ချထားတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း ရှရောခကျေးရွာမှာ နေထိုင်သူတွေအားလုံးကို စစ်ကောင်စီ တပ်က ရွှေ့ပြောင်းခိုင်းခဲ့တယ်လို့ ပြောပါတယ်။ https://www.facebook.com/photo/?fbid=524803053160297&set=a.40 4503215190282

။ (၁၇) ကြိမ်မြောက် ကွန်ဂရက် မကျင်းပရသေးကြောင်း KNU ပြော
March 2, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များကို ပြန်လည်ရွေးကောက်တင်မြှောက်သွား မည့် (၁၇)ကြိမ်မြောက် ကွန်ဂရက်ကို ယခုအချိန်ထိ မကျင်းပရသေးကြောင်း ကွန်ဂရက်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ အစည်းအရုံး၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး-၁ လည်းဖြစ်သူ ပဒိုစောဆဲပွယ် က ပြောသည်။ (၁၇)ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကို အွန်လိုင်းပေါ်မှတစ်ဆင့် စတင်ကျင်းပနေပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသကဲ့သို့မဟုတ်ဘဲ ကွန်ဂရက်ကျင်းပနိုင်ရန် ပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးသာဖြစ်ကြောင်း ပဒိုစောဆဲပွယ်က ယခုလို ပြောသည်။ “ကွန်ဂရက်ကျင်းပ နေပြီလို့ အပြင်မှာသတင်းတွေထွက်တာရှိတယ်။ ကွန်ဂရက်ကြီးမကျင်းပရသေးပါဘူး။ အစည်း အဝေးမှာသက်ဆိုင်တဲ့အဖွဲ့တွေ တက်ရောက်တာရှိတယ်။ အချို့ကအချိန်မပေးနိုင်တာလည်း ရှိသေးတယ်။ ညှိရ အုံးမယ် ကွန်ဂရက်က အွန်လိုင်းမှာလုပ်မလား၊ အပြင်မှာလုပ်မလားဆိုတာက ဆုံးဖြတ်ချက်မကျသေးဘူး။ လုပ်ရင် တာဝန်ရှိတဲ့ခေါင်းဆောင်တွေက လူထုကို အသိပေးမှာဖြစ် တယ်”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစတင်၍ ကေအဲန်ယူ ထိပ်သီးခေါင်းဆောင်များပါဝင်သည့် အွန်လိုင်းအစည်း အဝေးတစ်ရပ်ပြုလုပ်နေပြီး အဆိုပါ အစည်းအဝေးမှာ ၂ နှစ်ကြာ ရွှေ့ဆိုင်းထားသည့် (၁၇)ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကျင်းပနေပြီဟု သတင်းများထွက်ပေါ်နေခြင်းလည်း ဖြစ်သည်။

ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက်ရန်အတွက် ကျင်းပပြုလုပ်မည့် ၁၇ ကြိမ် ကွန်ဂရက်နှင့်ပတ်သက်၍ ကေအဲန်ယူ သတင်းနှင့်ပြန်ကြားရေးဌာနဘက်မှလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ် ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။ အွန်လိုင်းပေါ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းထွက်ပေါ်နေသည့် ကေအဲန်ယူကွန်ဂရက်သည် ကေအဲန်ယူ တပ်မဟာအားလုံး ကိုယ်စားလှယ်များ တက်ရောက်နိုင်မည်မဟုတ်ကြောင်း ပြောဆို ဝေဖန်မှုများရှိသလို ကေအဲန်ယူ မူတြော်ခရိုင် (တပ်မဟာ -၅) ကိုယ်စားလှယ်များလည်း မတက်ရောက်ကြောင်း သတင်းဌာန အချို့က ရေးသားဖော်ပြနေကြသည်။ လက်ရှိအချိန်တွင် ကေအဲန်ယူတွင် ဖြေရှင်းရမည့်ပြဿနာများဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် -KNLA လက်အောက်ခံတပ်ဖွဲ့နှင့် ကော်သူးလေအာမီ(KTLA) အဖွဲ့ကြား ဖြစ်ပွားနေသည့် ပစ်ခတ် တိုက်ခိုက်မှုပြဿနာ၊ Federal နှင့် Independent ပြဿနာနှင့် လက်ရှိ ဝေဖန်မှုများရှိသည့် ကေအဲန်ယူ ခေါင်း ဆောင်အချို့၏ ပြဿနာများကို ဦးစွာမဖြေရှင်းဘဲ ဖုံးဖိ၍ ဆက်လက်သွားပါက အချင်းချင်းကြား အမြင်ကွဲ ပြားပြီး တော်လှန်ရေးရည်မှန်းချက် ရောက်နိုင်မည်မဟုတ်ကြောင်းလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ က ဖြည့်စွက်ပြောသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မတ်လ (၁၄)ရက်မှ ဧပြီလ ၆ ရက်နေ့အထိ ကျင်းပသော (၁၆) ကြိမ်မြောက် ကေအဲန် ယူကွန်ဂရက်တွင် ဗဟို၊ တပ်မဟာ၊ ခရိုင် ၇ ခုမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပ ‌လေ့လာသူ စုစု‌ပေါင်း ၃၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။ https://kicnews .org/2023/03/%e1% 81%81%e1%81%87%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1

၉။ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ဆန်ရိက္ခာ ပြတ်လပ်နေ
March 2, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ဆန်ရိက္ခာပြတ်လုနီးဖြစ်နေတဲ့အတွက် သူတို့အတွက် ဆန်ရိက္ခာလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။ “ဆန်ပေါ့။ ဆန်တွေ ပြတ်လပ်တယ်။ ဆီတို့ တခြားရိက္ခာခြောက်တို့ဆိုရင် အစကတည်းက ပြတ်လပ်တယ်။ အစကတည်းက မရှိဘူးပေါ့နော။ စစ်ဘေးရှောင်တွေ ရိက္ခာခြောက် ဆီတို့ သူတို့မစားရတာ ကြာပြီပေါ့နော။ ဆိုတော့ ဒါပေမယ့် အရမ်းရေးကြီးတာက ဆန်ပေါ့နော။ အဓိက ဆန်နဲ့ ဆားပေါ့နော။ ဆန် အရေးကြီးဆုံးဆန်မှ တချို့သောလူတွေ တချို့စခန်းတွေ ပြတ်လတ်တဲ့ဟာမျိုးတွေ ကြုံတွေ့နေရတာပေါ့။” လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်ကူညီသူ တစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့ ဆန်ရိက္ခာပြတ်လပ်တဲ့ အိမ်ထောင်စုတွေကို နှစ်ပတ်စာ ဆန်ထုတ်ပေးတာတွေ ပြုလုပ်ပေးနေပြီး ရေရှည်မှာ အလှူရှင် ထပ်မရောက်လာရင် စစ်ဘေး ရှောင်တွေ အခြေအနေ ပိုဆိုးဝါးသွားနိုင်တယ်လို့ ဆိုပါတယ်။ “ခုလက်ရှိလည်း ငတ်ပြတ်နေတဲ့ မိသားစုတစ်ချို့ ရှိနေတယ်။ နပ်မမှန်ကြတော့ဘူး။ ကလေးကိုသာ ဦးစားပေးကျွေးပြီး လူကြီးတွေက ထမင်းမစားပဲ အိပ်ခဲ့ရတဲ့ မိသားစုတွေ ရှိနေကြပါတယ်။

ကလေးတွေ အာဟာရဓာတ် ချို့တဲ့ပြီး အနီရောင်အဆင့် ရောက်နေတဲ့ ကလေးတစ်ချို့လည်း ရှိနေတာ တွေ့ရပါတယ်။ ရေရှည်ကြရင်တော့ စားနပ်ရိက္ခာ ပြတ်လပ်ပြီး ကျန်းမာရေးပါ အများကြီးထိခိုက်လာနိုင်ပါတယ်။”လို့ ဒီးမော့ဆို အနောက်ဘက် ခြမ်းက စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်းပေါင်း ၉၈ ခုရှိပြီး လူဦးရေ ၂၁၆၆၈ ဦး ရှိတယ်လို့ ကရင်နီ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်ရဲ့ စာရင်းအရ သိရပါတယ်။ တစ်ဦး အတွက် ဆန်တစ်ပြည်ဝေရင် ဆန် ၁၀၃၈ အိတ် ကုန်ကျမှာဖြစ်ပြီး လက်ရှိ စျေးနှုန်းအရ ဆန်တစ်အိတ် ၆ သောင်းဝန်းကျင်ရှိ နေပါတယ်။ ကရင်နီပြည်မှာ စစ်ဘေးရှောင် နှစ်သိန်းကျော်ရှိနေပြီး တချို့စစ်ရှောင်စခန်းတွေမှာ ဝင်ငွေရ အလုပ်အကိုင်တွေ မရှိတဲ့အတွက် အလှူရှင်တွေဆီကနေ စားနပ်ရိက္ခာတွေကို မှီခိုနေရတာဖြစ်ပါတယ်။

၁၀။ မိုင်းယော်တိုက်နယ်အတွင်း ရွာသစ်တည် အခမ်းအနား စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်
March 2, 2023

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းတွင် ဒေသခံများ ရွာသစ်တည် အခမ်းအနား ပြုလုပ်ကျင်းပနေစဥ် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ (မတ်လ ၁ ရက်)တွင် လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ ၆၈ တပ်ရင်းမှ မိုင်းယော်တိုက်နယ် ပန်ခုတ် – လွယ်လျန်ကျေးရွာအနီး ရွာသစ်တည်နေသည့် အခမ်းအနားဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “အရင်က ပန်လော့၊ လွယ်ကျန်းနဲ့ နမ့်ဆန် တောင်ပေါ်ဘက်ရှိနေတဲ့ တအာင်း (ပလောင်) လူမျိုးတွေက အခု ဒီမြေပြန့် ဒေသဘက်ကို ပြောင်းလာနေကြတာ၊ မနေ့က ရွာသစ်တည် အခမ်းအနားပွဲ လုပ်နေကြတဲ့ အချိန်မှာ စစ်ကောင်စီကနေပြီးတော့မှ လက်နက်ကြီးနဲ့ကျတာ၊ ရွာပြင်မှာကျတာပေါ့၊ ထိခိုက်မှုတော့ မရှိဘူး” ဟု မိုင်းယောက်တိုက်နယ်မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

စစ်ကောင်စီ ၆၈ တပ်ရင်းမှ လက်နက်ကြီးဖြင့် ၈ ချက်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြော သည်။ လက်ရှိ ရွာသစ်တည်နေသည့်နေရာသည် လွယ်ခေါ် နှင့် လုံမွန်းရွာ တို့နှင့်လည်း နီးစပ်နေသည့်အတွက် ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြကြောင်းလည်း သိရသည်။ “အခုလိုမျိုး တအာင်း (ပလောင်) လူမျိုးတွေ ရွာသစ်တည်နေတာ သတင်းရ လို့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တာလို့တော့ သိရတယ်၊ အဲ့နေရာကို ဦးတည်ပြီး ပစ်ပေမယ့် အနီးပတ်ဝန်းကျင် မှာရှိတဲ့ ရွာတွေကလည်း ကြားရတော့ ကြောက်ကြတယ်၊ စစ်ကောင်စီက ဘာကြောင့် ပစ်တာလဲတော့ မသိရဘူး” ဟု အထက်ပါ ရွာခံက ဆက်ပြောသည်။ https://burmese.shannews.org/archives/33307

၁၁။ ဖားကန့်တွင် နှစ်လအတွင်း လူ ၁၀ ဦးထက်မနည်း လုပ်ကြံသတ်ဖြတ်ခံရပြီး အရပ်သား ၁၀၀ ကျော်ဖမ်းဆီးခံရ
March 2, 2023

ဖားကန့်မြို့နယ်တွင် နှစ်လအတွင်း ပြည်သူ ၁၀ ဦးထပ်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ခန့် ဖမ်းဆီး ခံခဲ့ရကြောင်းသိရသည်။ ဖားကန့်မြို့နယ်အတွင်း ပြည်သူပစ်သတ်ခံရမှုများလာသောကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရ ပြီး နောက်ဆက်တွဲ ပြဿနာအဖြစ် ဝမ်းရေးဖြေရှင်းမှုအတွက်ပါ ခက်ခဲလာကြောင်း အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “စိုးရိမ်တာကတော့ နေ့စဉ်နဲ့ အမျှပဲ။ တစ်ချိန်နဲ့ တစ်ချိန်က ဆိုးရွားလာတာပဲရှိနေတာ။ စိုးရိမ်မှု ကတော့ နေ့စဉ်နဲ့အမျှပဲ ပြောမပြနိုင်လောက်အောင်ပေါ့။ နေ့ရော၊ ညရော အမြဲတမ်းကြောက်နေရတာပေါ့။ ညဆိုလုံးလုံး မထွက် ရတော့ဘူး။ ဝမ်းစာရှာစားဖို့ကလည်း တစ်ရက်ပြီး တစ်ရက်ပိုပြီးခက်ခဲလာတာပေါ့” ဟုပြောသည်။ ကြက်တစ်ကောင်ကုန်း ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာအနီးတွင် နေထိုင်သော အသက် ၄၉ နှစ်ခန့်အရွယ်ရှိ ဦးသန်းစိုးနိုင်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားငါးဦးက နေအိမ်တွင် လာရောက်ပစ်သတ်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်ဟောင်း အသက် ၄၅ နှစ်အရွယ် ဦးမဲလုံးဆိုသူကိုလည်း ဖေဖော်ဝါရီ ၆ ရက်နေ့က ကာမိုင်း – လဝါးလမ်းဆုံ ဂိတ် အဟောင်းတွင် အမည်မသိအမျိုးသားနှစ်ဦးက ပစ်သတ်သွားသည်။

စစ်မှုထမ်းဟောင်းဟုဆိုသည့် အသက် ၄၂ နှစ်ခန့်အရွယ် ဦးသက်ပိုင်နှင့် အသက် ၄၁ နှစ်ခန့်အရွယ် ဦးမင်းစိုး တို့ နှစ်ဦးကိုလည်း ဇန်နဝါရီလ ၃၀ ရက်နေ့က အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်သတ်ခဲ့သည်။ လုံးခင်းကျေးရွာအဝင်ရှိ ရေတွင်း ဟောင်းအနီးတွင်လည်း ဇန်နဝါရီလ ၂၂ ရက်နေ့က အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားနှစ်ဦးကိုလည်း အမည်မသိအဖွဲ့ တစ်ဖွဲ့က ပစ်သတ်ခဲ့ပြီး တရားမဝင်ပြည့်တန်ဆာခန်းလုပ်ငန်း လုပ်ကိုင်နေသူ အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ကိုဝင်းကို ဆိုသူကို လည်း ဇန်နဝါရီ ၁၈ ရက်နေ့က မရှီကထောင်ရပ်ကွက်တွင် အမည်မသိအဖွဲ့အစည်းက လာရောက်ပစ်သတ်သွားကြောင်းသိ ရသည်။ စစ်ကောင်စီတပ်ကလည်း မှော်စီစာကျေးရွာတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ကိုအောင်ကျော်မြင့် ဆိုသူကို ပစ်သတ်ခဲ့ပြီး အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ်ခံခဲ့ရသည်။ လူသတ်မှုများအပြင် ဖားကန့်မြို့ တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၀၀ ကျော်ခန့်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူများကိုလည်း ငွေကြေးဖြင့် လာရောက်ရွေးယူခိုင်းကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ မှော်စီစာကျေးရွာ အောင်သာယာ ရပ်ကွက်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ကာ ကျင်းသား ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး မော်မောင်းလယန်ကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီလုပ်ကွက်တစ်ခုအနီးတွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ရေမဆေးကျောက် ရှာဖွေနေသူ ၂၀ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ https://www.facebook.co m/The74Media/photos/a.116371983215665/756934372492753/

၁၂။ ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်းတွင် လေးနှစ်ကြာခိုလှုံနေရသူ ၅၀၀ ကျော် နေရပ်ပြန်
March 3, 2023

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ စက်မှုဇုန်စစ်‌ဘေးရှောင်စခန်းတွင် လေးနှစ်ကြာအထိ ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅၃၂ ဦးမှာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် နေရပ်ပြန်သွားကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ စက်မှုဇုန် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အားလုံး နေရပ်ပြန်သွားကြခြင်းဖြစ်ပြီး နေရပ်သူများကို စစ်ကောင်စီမှ ငွေကျပ်ခြောက်သိန်း နှင့် ဆန်တစ်လစာ ထောက်ပံ့ပေးကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။ “အိမ်ထောင်စုတစ်ခုကို ပိုက်ဆံ ခြောက်သိန်း၊ ဆန်တစ်လစာနဲ့ တခြားအိမ်သုံးပစ္စည်း နည်းနည်းပေးပါတယ်။ ဆန်တစ်လစာဆိုတာက လူတစ်ယောက်ကို ငွေကိုးထောင် စီနှုန်းနဲ့ပေးတာပါ။ ဆန်အစား ပိုက်ဆံပေးတာပေါ့။ အဲဒီလိုမျိုး ဆန်အစား ပိုက်ဆံထောက်ပံ့မှာကတော့ သုံးလစာ အထိ ထောက်ပံ့မယ်ပြောပါတယ်။ လက်ရှိကတော့ တစ်လစာပဲ ပါသေးတယ်။ မနက်က နေရပ်ပြန်ဖို့ ပိုက်ဆံလာပေးတဲ့အထဲမှာ ရဲ၊ စစ်သား၊ ထွေအုပ်တို့ပါပါတယ်” ဟု စခန်းတာဝန်ခံ ကိုသန်းဌေး က ပြောသည်။ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်၊ ကျောက်ဆိပ်၊ ပိန္နဲတော၊ ဒိုးတန်း ကျေးရွာနှင့် ပလက်ဝမြို့နယ်၊ နှမဒါ ကျေးရွာတို့မှဖြစ်ပြီး ၎င်းတို့ မှာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ သူများဖြစ်သည်။

စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာထောက်ပံ့မှုများမရရှိဘဲ ခက်ခဲစွာနေထိုင်နေရသဖြင့် နေရပ်ပြန်ရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်ဟု နေရပ်ပြန်သွားသည့် သာစည်ကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ “ကျနော်တို့ကလည်း ဒီမှာ ဆက်နေရင် အဲဒီအစိုးရဆီကလည်း စားနပ်ရိက္ခာတစ်ခုမှ မထောက်ပံ့ဘူး။ အခုနောက်ပိုင်းက စခန်းမှာ နေထိုင်စားသောက်ရတာ အရမ်းကျပ်တည်းတော့ ကိုယ့်ရွာမှာပဲ သွားနေတော့မယ်လို့ ဆုံးဖြတ်လိုက်တာ” ဟု သူက ပြောသည်။ စက်မှုဇုန်စစ်ဘေးရှောင် စခန်းမှ စစ်ဘေးရှောင်များကို နေရပ်ပြန်ကြရန်အတွက် စစ်ကောင်စီဝန်ကြီးများက ယခုနှစ် ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ်တိုင် စခန်းသို့လာရောက်ပြောဆိုမှုများ ရှိခဲ့ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ “ရွာမှာက အိမ်တွေက လူမနေတာကြာတော့ အကုန်ပျက်စီးကုန်ပြီ။ အဲဒါကြောင့် သူတို့ဆီက အိမ်တွေကို လုပ်ပေးဖို့နဲ့ မိုင်းရှင်းလင်းရေးလုပ်ပေးဖို့ တောင်းဆိုခဲ့တာတွေရှိ တယ်။ ဒါပေမယ့် သူတို့ကတော့ လုပ်ပေးမယ်လို့ မပြောခဲ့ပါဘူး” ဟု နေရပ်ပြန်သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ် ကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီး မခင်စိုးနွယ်က ပြောသည်။ ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ် တော် (AA) တို့ တကျော့ပြန်တိုက်ပွဲကြောင့် သြဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့ အထိ စစ်ဘေးရှောင်ဦးရေ ၁၆,၀၀၀ ရှိ လာပြီး ယခင်တိုက်ပွဲကာလက နေရပ်မပြန်နိုင်သေးသည့် လူဦးရေနှင့်ပေါင်းလျှင် ၉၀,၀၀၀ ကျော်အထိရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ https://www.f acebook.com/d mgnewsagency/photos/pcb.2537192983099764/2537192709766458/

၁၃။ ဒုံသမိတံတားပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်(၂)ခုကို KNLA ပူးပေါင်းတပ် ဒရုန်းဖြင့် တိုက်ခိုက်
March 2, 2023

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် သထုံ-ဖားအံ လမ်းဒူးရင်းဆိပ်ကျေးရွာ ဒုံသမိတံတားပေါ်ရှိ စစ်ကောင်စီ စစ်ဆေး ရေးဂိတ် ၂ ခုကို ယနေ့ မတ်လ (၁)ရက်နေ့ နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ -၁ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒရုန်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ အဆိုပါ တံတားပေါ် တွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များ၊ ထောက်လှန်ရေးနှင့် ရဲတပ်ဖွဲ့များစုပေါင်းနေထိုင်ပြီး သွားလာနေ ကြသည့် ယာဉ်များကို အခွန်ကောက်ခံမှုများနှင့် စစ်ဆေးမှုများ မကြာခဏလုပ်ဆောင်နေသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု KNLA တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။ ၎င်းက “PDF ဒရုန်းအဖွဲ့တစ်ဖွဲ့ရယ်၊ KNLA နဲ့ပေါင်းပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်။ ဘာဖြစ်လို့တိုက် ခိုက်လဲဆိုတော့ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာက သုံးဘီးဆိုင်ကယ်ကအစ ပြည်သူ တွေဆီကနေ ဆက်ကြေးကောက်တယ် ငွေညှစ်တယ်။ မြဝတီကလာတဲ့ကားတွေကိုရော BGF နဲ့ပေါင်းပြီးတော့ စစ်တယ်”ဟု ပြောသည်။

တံတားပေါ်ရှိ စစ်ကောင်စီ ဂိတ်၂ ခုအပြင် ထိုနေရာရှိ ခြေလျင်တပ်ရင်း (ခလရ- ၂၄) တပ်ရင်းတစ်ခုလည်း ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်မသိရသေးကြောင်း အဆိုပါ KNLA တပ်မဟာ(၁) တာဝန်ရှိ သူက ဆိုသည်။ ထို့နောက် အဆိုပါတံတားပေါ်ရှိ ဂိတ်များ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ သထုံမြို့အနီး ထုံးဘိုလေး၊ ထုံးဘိုကြီးကျေးရွာများထဲသို့ လက်နက်ကြီးများနှင့် ပြန်လည် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု လည်း ၎င်း KNLA တာဝန်ရှိသူက ဆက်ပြောသည်။ မွန်ပြည်နယ်အတွင်း ကေအဲန်ယူ သထုံခရိုင်၊ KNLA တပ်မဟာ(၁) ထိန်းချုပ် နယ်မြေနှင့် ထိစပ်သည့် နေရာအနှံ့အပြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား ပစ်ခတ်တိုက်ခိုက် မှုများမကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်မှုများကြောင့် အရပ်သား နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဒေသခံများထံမှ သိရသည်။ https://kicnews.org/2023/03/%e1%80%92%e1% 80%af%e1%80%b6%e1%8 0%9e%e1%80%99%e1%80%ad%e1%

၁၄။ ထိန်းသိမ်းခံထားရသူအားလုံး လွှတ်ပေးဖို့ အဖွဲ့တစ်ရာနီးပါး အိန္ဒိယအစိုးရကို တောင်းဆို
March 2, 2023

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာထောင်မှာ ထိန်းသိမ်းခံ ချင်းဒုက္ခသည်တစ်ဦး သေဆုံးမှုကို ပွင့်လင်းမြင်သာမှုရှိရှိ အမှန်တရားဖော်ဆောင်ပေးဖို့နဲ့ ထိန်းသိမ်းခံအားလုံးကို လွှတ်ပေးဖို့အပါအဝင် အချက်လေးချက်ကို အရပ်ဖက်အဖွဲ့အစည်း တစ်ရာနီးပါးက ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရထံ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ တောင်းဆို ချက် လေးချက်ထဲ က အဖမ်းခံထားရသူအားလုံး လွှတ်ပေးဖို့နဲ့ ဆက်ပြီး ဖမ်းဆီးတာတွေမလုပ်ဖို့ ဆိုတဲ့ အချက်တစ်ချက် အောင်မြင်ဖို့ မျှော်လင့် တယ်လို့ ဦးဆောင်တောင်းဆိုတဲ့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ် က ပြောပါတယ်။ “ဒီမိုကရေစီအင်အားကြီး နိုင်ငံတစ်ခုအနေနဲ့ သူတို့ဆီ အကူအညီတောင်းတဲ့သူတွေကို ဖမ်းဆီးထောင်ချတာ၊ သေဆုံးတဲ့အထိဖြစ်သွားစေတာက ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုကြီးစွာ သူတို့ဖြေရှင်းပေးဖို့ အများကြီးမျှော်လင့်ထားတယ်။ သေဆုံးသွားတဲ့ ကျွန်တော်တို့ပြည်သူတစ်ဦးအပေါ် ငဲ့ညှာသောအားဖြင့် တစ်ခုခုအပြောင်းအလဲဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ တောင်း ဆိုတဲ့အချက် လေးချက်ထဲမှာ ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့နဲ့ ဆက်လက်မဖမ်းဆီးရေး ဆိုတဲ့အချက်တစ်ခုလောက်တော့ အောင်မြင်ချင်ပါတယ်။” အင်ဖာအကျဉ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အဖမ်းခံထားရတဲ့ အသက် ၃၂ နှစ်အရွယ် ကူကီးချင်းလူမျိုး ကိုလမ်းခိုချွန်း ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရုတ်တရက် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ရပ်တည်အားပေးဖို့၊ မဏိပူရ်မှာ သေဆုံးသွားတဲ့ ထိန်းသိမ်းခံတစ်ဦးအတွက် အမှန် တရားဖော်ဆောင်ပေးဖို့၊ ဖမ်းဆီးထိန်းသိမ်းခံအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ထပ်မံမဖမ်းဆီးဖို့၊ မြန်မာပြည်တွင်း အခြေအနေ တွေကြောင့် အိန္ဒိယနိုင်ငံဆီ ထွက်ပြေးရောက်ရှိလာသူတွေကို ယာယီခိုလှုံခွင့်ပေးဖို့ ဆိုတဲ့ အချက်လေးချက်ကို မတ်လ ၂ ရက်နေ့က ထုတ်ပြန်တောင်းဆိုတာဖြစ်ပါတယ်။ မြန်မာပြည်ကနေ ထွက်ပြေးခိုလှုံလာသူတွေကို မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် က ယာယီခိုလှုံသူတွေ၊ ဒုက္ခသည်တွေလို့ မသုံးနှုန်းဘဲ တရားမဝင်တွေလို့ သုံးနှုန်းလေ့ရှိပြီး မြန်မာဒုက္ခသည်တွေကို မဏိပူရ် ဒေသခံတွေ အကူအညီမပေးရဲအောင် ဖိအားပေးလေ့ရှိတယ်လို့ ဆလိုင်းဒိုခါရ် က ပြောပါတယ်။ ကြေညာချက်ထုတ်တောင်းဆို ရာမှာ India For Myanmar အပြင် သွေးစွန်းငွေဖြတ်တောက်ရေး – Blood Money Campaign(Myanmar)၊ ကူကီးကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး၊ တိုင်းရင်းသားလူငယ်များ အထွေထွေသပိတ်ကော်မတီ၊ မန္တလေးသပိတ်အင်အားစု၊ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၊ မန္တလေးအရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် စတဲ့ အဖွဲ့ တွေအပြင် လုံခြုံရေးအရ အမည်အတိအကျမဖော်ပြထားတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။ https://www.rfa.org/bur mese/news /myanmar-refugees-detained-india-03022023144344.html

၁၅။ ကွန်ဟိန်းမြို့နယ် သျှမ်းတပ် ၂ တပ် တိုက်ပွဲကြောင့် ဒေသခံ စစ်ရှောင်နေရ
March 3, 2023

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်အတွင်း ဖြစ်ပွားသည့် သျှမ်းတပ်နှစ်တပ်၏ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ ပြည်သူတချို့က စစ်ရှောင်ထွက်ပြေးရပြီး သျှမ်းတပ်နှစ်တပ်မှလည်း အပြန်အလှန် ပြစ်တင်ပြောဆို နေကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၂ ရက်) တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/ SSA) နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် ကွန်ဟိန်းမြို့နယ် လိုက်ကမ်ကျေးရွာအုပ်စု၊ နမ့်တွတ်ကျေးရွာအနီး၌ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ ထိတွေ့တိုက်ပွဲကြောင့် နမ့်တွတ်ကျေးရွာမှ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များက နီးစပ်ရာ ဘုန်းကြီးကျောင်း နှင့် လယ်တဲထဲ စစ်ရှာင်ထွက်ပြေးရကြောင်း လိုက်ကမ်ကျေးရွာအုပ်စုမှ အသက် ၄၀ ဝန်းကျင် အမည် မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဒီဒေသမှာ ထိတွေ့တိုက်ပွဲ တခါမှ မဖြစ်ဖူးသေးဘူး၊ အခုက ပထမဆုံး အကြိမ် ဖြစ်တယ်၊ ဒါကြောင့်မို့ ရွာသားတွေ ကြောက်ကြရတာပေါ့၊ မနေ့ ပစ်ခတ်သံက ၁၀ မိနစ်လောက်တောင်မကြာပါဘူး၊ ဒါပေမဲ့ စစ်ဆိုတာနဲ့ရွာသားတွေက ကြောက်နေကြပြီလေ၊ တချို့သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေက ဘုန်းကြီးကျောင်း၊ လယ်တဲတွေမှာ စစ်ရှောင်ပြီး ရောက်နေကြတယ်”ဟု အထက်ပါ ဒေသခံကပြောသည်။ ယနေ့ မတ်လ (၃) ရက်နေ့တွင် စစ်ရှောင် ထွက်ပြေးနေသူ တချို့က နေအိမ်သို့ ပြန်လည်ရောက်ရှိလာသော်လည်း တချို့ကပြန်မလာရဲသေးကြောင်း ၎င်းကဆက်ဆိုသည်။

လက်ရှိအချိန်တွင် နှစ်ဖက်စစ်တပ် ထိတွေ့တိုက်ပွဲ ငြိမ်သက်သွားသော်လည်း စစ်ရေးတင်းမာမှုများ ရှိနေသေး ကြောင်း သိရသည်။ “အရင်တုန်းကဆိုရင် RCSS/SSA က ဒီ နမ့်တွတ်အနီးမှာ လှုပ်ရှားတယ်။ SSPP/SSA က နောင်တောင်းဘက်မှာ လှုပ်ရှားတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့က အရမ်းနီးတယ်။ တခါတလေ အော်ပြီး စကားတောင်ပြောကြတာပဲ၊ မနေ့က ထိတွေ့မှု ဖြစ်လာ တော့ ရွာသားတွေကလည်း လန့်ကြတာ။ တိုက်ပွဲထပ်ဖြစ်မှာစိုးလို့ တချို့က အိမ်တောင် မပြန်ရဲ သေးဘူး” ဟု အထက်ပါ အမည် မဖော်လိုသူက ဆက်ပြောသည်။ ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ကို ဆက်သွယ်မေးမြန်းရာ SSPP/SSA ထိုးစစ်ဆင်လာမှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ရခြင်း ဖြစ်ကြောင်း တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ဗိုလ်မှူးခမ်းစံက ပြောသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ် မတော် SSPP/SSA ကို ဆက်သွယ်မေးမြန်းရာမှာတော့ RCSS/SSA တပ်သားများ၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပေါ်လာရကြောင်း SSPP/SSA တပ်ဖွဲ့မှ ဗိုလ်ကြီး သီဟရာဇာက ပြောသည်။ “အဲ့ဒေသမှာ လှုပ်ရှားတဲ့ ကျနော်တို့ တပ်သား တွေကို သူတို့ (RCSS/SSA) ကနေ ချောင်းမြောင်း ပစ်ခတ်ဖို့ ကြိုးစားမှု အကြိမ်ကြိမ် ရှိခဲ့ပါတယ်၊ သျှမ်းအချင်းချင်း ထိတွေ့တိုက်ပွဲ မဖြစ်ချင်လို့ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး အကြိမ်ကြိမ်ရှောင်ခဲ့တယ်၊ ဒါပေမဲ့ မနေ့ကတော့ ထိတွေ့မှုအနည်းငယ်ဖြစ်ခဲ့တာ ပေါ့နော်၊ ကျနော်တို့က စပြီးပစ်ခဲ့တာမဟုတ်ပါဘူး”ဟု ဗိုလ်ကြီး သီဟရာဇာ ကပြောသည်။ https://burmese.shannews.or g/archives/33323

၁၆။ ကျုံဒိုး ၅၄၆ တပ်မှ လက်နက်ကြီးများနေ့စဉ်ပစ်ခတ်နေသဖြင့် ရွာသားများ ရှောင်ပုန်းနေထိုင်ရ
March 3, 2023

ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်ခွဲရှိ စစ်ကောင်စီတပ်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လာရောက် ဒရုန်းဗုံးကြဲ ချတိုက်ခိုက်မှုမရှိစေရေး ကျုံဒိုးတောင်ပိုင်းကျေးရွာများဘက်သို့ လက်နက်ကြီးများ ပစ်ခတ်မှုမကြာခဏ လုပ်ဆောင်ပစ်ခတ် သည့်အတွက် ဒေသခံစစ်ဘေးရှောင်နေရသူများ နေရပ်ပြန်လည်နေထိုင်မရဲကြသေးဘဲ ရှောင်ပုန်းနေထိုင် စစ်ဘေးရှောင်နေကြရ ဆဲဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ယခုအချိန်ထိ ကျုံဒိုးအခြေစိုက် ခလရ ၅၄၅/၅၄၆ တပ်ရင်း သည် ကျုံဒိုး တောင်ပိုင်းကျေးရွာများဖြစ်သော ကော့ကာ၊ ကမ်းမရိုက်၊ မိဂလုံ၊ ကမ်းနီကျေးရွာများဘက်သို့ လက်နက်ကြီး မကြာ ခဏ ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ “အခုရက်ပိုင်းက ကျုံဒိုးစစ်တပ် ၅၄၅/၅၄၆ က လက်နက်ကြီးတွေ ပစ်ပစ်ထုတ်တယ်၊ ဖေဖော်ဝါရီ ၂၈ရက်က ကော့ ကာရွာဘက် လက်နက်ကြီး ပစ်ထည့်တာမှာ အိမ်တွေပျက်စီးတယ်၊ လူတွေက စစ်ရှောင်နေတာကနေ ကိုယ့်အိမ် ကိုယ်ပြန်လာနေဖို့ မရဲကြသေးဘူး ဖြစ်နေ တယ်။ အဲ့လိုပဲ အရင်ရှေ့ရက်တွေကလည်း တောင်ကမ်းမရိုက်ဘက်၊ မိဂလုံရွာဘက်၊ ကမ်းနီရွာဘက်တွေ လက်နက်ကြီးပစ် ထုတ်တယ်။ ကရင်အဖွဲ့တွေက ရွာလယ်ကွင်းတွေဘက်ကနေ ဒရုန်းနဲ့သူတို့ စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲမှာ ကြောက်ကြတယ်လေ” ဟု ကျုံဒိုးစစ်ကောင်စီတပ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်ဒေသအတွင်း စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ်-BGF တပ်များနှင့်အတူ ကျေးရွာများဘက်ရှိ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းအဖွဲ့များစစ်ရေးလှုပ်ရှားသည့် နေရာများအား စစ်ကြောင်းထိုး နယ်မြေ ရှင်းလင်း စစ်စခန်းချစစ်ဆေးရှာဖွေဖမ်းဆီးတိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင်နေသည့်အတွက် ကော့ကရိတ်-ကျုံဒိုးဒေသ ကျေးရွာ ၃၀ ခန့်မှာ မိမိကျေးရွာ၊ မိမိနေအိမ်များတွင် ပြန်လည်နေ ထိုင်နိုင်ခြင်းမရှိသေးကြောင်း စစ်ဘေးရှောင် ကူညီစောင့် ရှောက်ရေးလုပ်ဆောင်နေသူများက ပြောသည်။ ကျုံဒိုး ဒေသစစ်ရှောင်အရေးကူညီပေးသူတစ်ဦးက “အခု ကော့ကရိတ် တစ်နယ် လုံး၊ တစ်ဂွင်လုံးအနေနဲ့ပြောရင် ရွာပေါင်း ၃၀ လောက်က လူမနေရဲကြဘူး။ စစ်တပ်၊ BGF က ရှိနေတယ်၊ သူတို့ကို ထောက်ခံ တဲ့သူတို့ ရွာဘုန်းကြီး တို့လောက်တော့ ဆက်နေနေကြတာတွေ ရှိတယ်။ ရွာသားအများစုကတော့ တိုက်ပွဲနဲ့ ဝေးမယ့် ရွာတွေ၊ မြို့နီး နားက ရပ်ကွက်တွေဘက်ပြောင်းနေနေကြတာ များပါတယ်။ တချို့ ရွာသားတွေကတော့ သူတို့တောင်ယာ ခြံကုန်းတွေက တဲတွေ၊ လျှိုတွေ၊ တောင်ကုန်းအကာအကွယ်ရှိတဲ့ နေရာတွေမှာ ပုန်းခိုပြီးနေနေကြတာလည်းရှိတယ်၊ စားသောက်စရာ ရိက္ခာ ဝေဖို့ကတော့ လက်လှမ်းမှီတဲ့သူအချို့ကိုတော့ ဝေပေးနိုင်တယ်၊ အဝေးရောက်နေသူတွေကိုတော့ ဝေမပေးနိုင်ဘူး”ဟု ပြော သည်။ အဆိုပါ ကော့ကရိတ်-ကျုံဒိုး ဒေသအတွင်း စစ်ဘေးရှောင် နေထိုင်နေရသည့် စစ်ရှောင်မိသားစုဦးရေမှာ စာရင်းအတည် တကျမရှိဘဲ ပြန့်ကျဲနေထိုင်နေကြရသည့်အတွက် စစ်ရှောင်မိသားစု အချက်အလက်များကို ကျေးရွာလူဦးရေစာရင်းအား အခြေခံ ၍ စာရင်းပြုစုချက်များအရ လူဦးရေ ၅,၀၀၀ ၀န်းကျင်နေရပ် မပြန်လည်၀င်ရောက် နေထိုင်နိုင်မှုမရှိသေးကြောင်း စစ်ဘေးရှောင် ကူညီနေသည့် ကော့ကရိတ်-ကျုံဒိုးဒေသတွင်း အကူအညီပေးနေသူများ၏ အချက်အလက်များအရ သိရသည်။ https://kicnew s.org/2023/03/%e1%80%80%e1%80%bb%e1%80%af%e1%80%b6%e1%80%92%e1%80%ad%e1

၁၇။ ဆဒုံးမြို့နယ်အတွင်းက ဘိန်းခင်း (၃) ဧကကျော်အား KIA ဖျက်ဆီး
March 3, 2023

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ထဲက ရှငေါနယ်မြေအတွင်းမှာရှိတဲ့ ခရီတူဘွမ် အနီးက ဘိန်းခင်းတွေကို ကချင်လွတ်လပ် ရေးတပ်မတော် (KIA) တပ်သားတွေကနေ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ကနေ နှစ်ရက်တိုင် နှိမ်နင်းဖျက်ဆီးခဲ့တယ်လို့ သိရပါ တယ်။ ကေအိုင်အေ တပ်ရင်း(၃)နယ်မြေ ဧရိယာအတွင်း စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို KIA ကနေ ဖွဲ့စည်းထားတဲ့ မူးယစ် ဆေးဝါးတိုက်ဖျက်ရေး ကော်မတီ(Pat Jasan)ကနေ နှစ်စဉ်နှစ်တိုင်း ဘိန်းခင်း ရှင်းလင်းဖျက်ဆီးတာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ ရှေ့တန်းရောက် KIA စစ်သားတွေရဲ့ သတင်းပေးချက်အရ နှစ်ရက်အတွင်းမှာ ဘိန်းခင်း (၃)ဧကကျော်လောက်ကို ဖျက်ဆီးခဲ့ပြီး ဘိန်းခြံထဲရှိနေသူ(၃)ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်နှိမ်နင်းရေးမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။ “ရှေ့တန်း မှာရှိတဲ့သူတွေ နယ်မြေလှည့်လည် စစ်ရေးလှုပ်ရှား သွားလာတဲ့အချိန် သွားတွေ့တဲ့ ဘိန်းခင်းဟုတ်တယ်။ (၃)ယောက်ကိုတော့ ခြံထဲမှာ ရှိနေလို့ ဖမ်းမိတယ်။ တစ်ယောက်ကတော့ ထွက်ပြေးသွားလို့ ဖမ်းမမိခဲ့ဘူး။”လို့ ပါဝင်သူက ပြောပါတယ်။

အထက်ပါ ဘိန်းခင်းတွေဟာ ခိုးလုပ်တဲ့ ဘိန်းခင်းတွေဖြစ်ပြီး ဖမ်းဆီးရမိသူ(၃)ဦးကိုတော့ တရားရုံးမှာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ကော်မတီ စည်းမျဉ်းနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဆဒုံးမြို့နယ် ထဲက KIAရဲ့ နယ်မြေဘက်အခြမ်းမှာတော့ နှစ်တိုင်းလိုလို ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းတွေ လုပ်ဆောင်ပေမဲ့ နယ်ခြားစောင့် တပ်၊ ပြည်သူ့စစ်တွေရဲ့ နယ်မြေဘက် အခြမ်းက ဘိန်းခင်းတွေကိုတော့ သွားရောက်ဖျက်ဆီးဖို့ ခက်ခဲနေသေးတယ်လို့ အထက်ပါ မူးယစ်နှိမ်နင်းရေးမှာ ပါဝင်သူက ဆက်လက် ပြောပါတယ်။ “ဒီဘိန်းခင်း ခိုးလုပ်နေသူတွေက ရန်သူရဲ့ ဧရိယာအတွင်းမှာ ရန်သူ ကို အားကိုးပြီး လုပ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ လွတ်လွတ်လပ်လပ် ဝင်ရောက် နှိမ်နင်းဖို့ ခက်တာပေါ့။ ရန်သူရဲ့ နယ်မြေ ဖြစ်တဲ့အတွက် ရန်သူနဲ့လည်း တွေ့နိုင်သလို တိုက်ပွဲလည်း ဖြစ်လာနိုင်တော့ ခက်ခဲတဲ့အပိုင်းတော့ အဲဒီလိုရှိတယ်လို့ မြင်မိတာ ပေါ့”လို့ သူက ပြောပါတယ်။ လက်ရှိ ဆဒုံးမြို့နယ်ထဲက KIA နယ်မြေအတွင်းမှာ ဘိန်းခင်းတွေ ကင်းစင်သလောက် ရှိနေပြီ ဖြစ်ပေမဲ့ နယ်ခြားစောင့်နဲ့ ပြည်သူ့စစ်တွေရဲ့ နယ်မြေဘက်အခြမ်းကတော့ ဘိန်းခင်းတော်တော်များများ ကျန်ရှိနေသေးတယ်လို့ လည်း သိရပါတယ်။ https://www.facebook.com /myitkyinanewsjournal.mm/photos/pcb.1852400201792892/18523

၁၈။ တစ်လအတွင်း တစ်နိုင်ငံလုံးတပြိုင်နက်တည်း တိုက်ပွဲပေါင်း ၇၀ ဖော်ဆောင်ခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးပြော
March 3, 2023

ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် စစ်တိုင်းနှင့်စစ်ဒေသ (၃) ခုလုံးရှိ PDF တပ်ရင်းများ၊ ပကဖများ၊ LDF များ လက်တွဲပါဝင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်တပြိုင်နက်တည်း ဟန်ချက်ညီစစ်ဆင်မှု အကြိမ် ၇၀ တိတိ ဖော်ဆောင် နိုင်ခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကပြောသည်။ တိုက်ပွဲဖော်ဆောင်ရာ ဒေသများအဖြစ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နှင့် နေပြည်တော်တို့ ဖြစ်ပြီး တိုက်ပွဲပေါင်း ၇၀ ကြိမ် အနက် ၆၅ပွဲ ကိုတော့ ၂၄ နာရီအတွင်း တပြိုင်တည်း ဟန်ချက်ညီ ဖော်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ” ဒီစစ်ဆင်မှုရဲ့ ပစ်မှတ်တွေထဲမှာ ရန်သူ့လေတပ် စခန်း(၂)ခုနဲ့ ရဟတ်ယာဥ်ကွင်း (၁)ခု၊ ကပစစက်ရုံ (၃)ခု၊ တိုင်းစစ်ဌာနချုပ် (၁)ခုနဲ့ တပ်မဌာနချုပ် (၁)ခု၊ ရန်သူ့အထိုင်နဲ့နောက် တန်းစခန်း (၂၆)ခု၊ ရဲစခန်း (၉)ခု၊ ရန်သူ့စစ်ကြောင်း (၂)ခု၊ ပျုစောထီးစခန်း (၁၅)ခုတို့ ပါဝင်တယ် “ဟု ဦးရည်မွန်ကပြောသည်။

ထို့ပြည် တိုင်းဒေသများနည်းတူ ပြည်နယ်များတွင်လည်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် PDF ရဲဘော်တွေ လက်တွဲပြီး မြို့ပြစစ်ဆင်မှု၊ စခန်းသိမ်းစစ်ဆင်မှုများကို ဟန်ချက်ညီဆောင်ရွက်ခဲ့ကြသည်ဟု ဝန်ကြီးကဆက်လက် ပြောကြားသည်။ “ဒီလို Coordinated Attacks ဖော်ဆောင်နိုင်ခြင်းဟာ PDF တပ်မတော်ရဲ့ စစ်ရေးစွမ်းရည် နောက်တဆင့် တိုးတက်လာမှုကို ဖော်ပြတဲ့ ပြယုဂ်ဖြစ်တယ်။ ဒါဟာ Chain of Command ပိုကောင်းအောင် တည်ဆောက်နိုင်မှုနဲ့ လက်နက် တိုးမြှင့်တပ်ဆင်နိုင်မှုရဲ့ ရလဒ်လို့လည်း ဆိုနိုင်တယ် ” ကာကွယ်ရေးဝန်ကြီးကပြောသည်။ ပြီးခဲ့သည့်လအတွင်း၌ဖော်ဆောင်ခဲ့ သော စစ်ဆင်ရေးသည် စစ်ကောင်စီကို စိတ်ပိုင်းရော ရုပ်ပိုင်းပါ အထိနာစေခဲ့သလို PDF တပ်မတော်ကိုလည်း အဆုံးအဖြတ်နှင့် အဆုံးသတ်တိုက်ပွဲများ ဆင်နွှဲရန် ယုံကြည်မှုပိုပြီး ယခုကဲ့သို့ ဟန်ချက်ညီ ဗျုဟာမြောက်စစ်ဆင်မှုကို ရှေ့တွင်လည်း အရှိန် အဟုန်မြှင့်ပြီး ဆောင်ရွက်သွားရန်ရှိလာမည်ဟု ဦးရည်မွန် ကပြောသည်။ https://www.facebook.com/thanlwinkhetnew s/photos/a.214189112346995/167 8060255959866/

၁၉။ ICJ အမှုအတွက် ချွတ်ပြင်ရွာမှ မွတ်ဆလင်အချို့ကို စစ်ကောင်စီက ရှာဖွေနေ
March 3, 2023

၂၀၁၇ မောင်တောဒေသ ပဋိပက္ခဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးဘဲ ကျန်ရှိနေခဲ့သည့် ရသေ့တောင်မြို့ နယ်၊ ချွတ်ပြင်ကျေးရွာမှ မွတ်ဆလင်အချို့ကို လက်ရှိတွင် စစ်ကောင်စီကလိုက်လံရှာဖွေနေကြောင်းသတင်းရရှိသည်။ ပြီးခဲ့ သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဒုအိုးသည်မ(မွတ်ဆလင်)ကျေးရွာမှတာဝန်ရှိသူများကို ဘူးသီးတောင် မြို့ဗျူဟာသို့ခေါ်ယူပြီး အဆိုပါ ချွတ်ပြင်ကျေးရွာသားအချို့ လက်ရှိနေထိုင်နေသည့် နေရာများကို မေးမြန်းခဲ့ကြောင်း ဒေသခံများ ကပြောသည်။ “အဲဒီနေ့က ဘူးသီးတောင်ဗျုဟာကုန်းက ဗိုလ်မှူးတစ်ယောက်ခေါ်ပြီးတော့ ကျနော်တို့ကို ချွတ်ပြင်ရွာသားတွေဒီရွာမှာရှိလားဆိုပြီးတော့ မေးတယ်။ ကျနော်တို့ရွာမှာ ချွတ်ပြင်ရွာသားတွေ မရှိတဲ့အတွက် မရှိဘူးလို့ပြောလိုက်တယ်။ ဘာဖြစ် လို့ရှာနေတယ်ဆိုတာတော့ ကျနော်တို့မသိဘူး။ အဲဒီရွာသားအများစုက ၂၀၁၇ ဖြစ်စဉ်နောက်ပိုင်း သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြပြီ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒုအိုးသည်မကျေးရွာမှ ရပ်မိ၊ ရပ်ဖတစ်ဦးက DMG ကို ပြောသည်။ အဆိုပါ ချွတ်ပြင်ကျေးရွာသားများကို စစ်ကောင်စီက အပူတပြင်းရှာဖွေနေသည့်မှာ လက်ရှိရင်ဆိုင်နေရသည့် အပြည်ပြည်ဆိုင် ရာတရားရုံး(ICJ)အရေး ဖြေရှင်းချေပနိုင်ရေးတွင် မျက်မြင်သက်သေထွက်ဆိုရန် လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ဒုအိုးသည် မကျေးရွာမှ နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။ “အဓိကရှာနေတာက သူတို့(စစ်ကောင်စီ)က အခုရင်ဆိုင်နေရတဲ့ ICJ ကိစ္စနဲ့ပတ်သက်ပြီး ချေပဖို့အတွက် မျက်မြင်သက်သေတွေ ရှာဖွေနေတာဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်မပြေးဘဲ ကျန် နေခဲ့တဲ့ ရသေ့တောင်၊ ချွတ်ပြင်ကျေးရွာက ဒေသခံ ရွာသူရွာသားတွေကို ရှာနေတာပါ”ဟု နောက်ထပ် ဒုအိုးသည်မကျေးရွာသား တစ်ဦးကဆိုသည်

၂ဝ၁၇ ခုနှစ်က မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်အတွင်း လူအစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့် ဆိုသောချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီ က ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် ထုတ်ပြန်ထားသည်။ ထိုသို့ ပြင်ဆင်ဖွဲ့စည်းရာတွင် ယခင် ဥက္ကဋ္ဌ ဗိုလ်ချုပ် မြတ်ကျော်နေရာတွင် ဗိုလ်မှူးချုပ် စိုးတင့် ကိုပြောင်းလဲတာဝန်ပေးထားပြီး ဗိုလ်မှူးကြီး သန်းလှိုင် နှင့် ဗိုလ်မှူး ကြီး မျိုးအောင်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။ ယင်းသို့ အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီး နောက် ချွတ်ပြင်ကျေးရွာသားများကို ဒုအိုးသည်မကျေးရွာတွင်နေထိုင်ခြင်းရှိ၊ မရှိ စစ်ကောင်စီက ရှာဖွေလာခြင်းဖြစ်သည်။ ဖေဖော်ဝါရီ လအတွင်း စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တို့ ရခိုင်သို့ လာရောက်ခဲ့သည်။ https://www.facebook.com /dmgnewsagency/photos/a.466679383484478/2537114803107582/

၂၀။ ၂၀၂၂ခုနှစ်အတွင်း စစ်ရာဇဝတ်မှုကြောင့် အသက် ၁၈နှစ်အောက် ကလေးငယ် ၁၉ ဦးအထိ သေဆုံးမှုရှိနေ
March 3, 2023

ကရင်နီပြည်မှာ ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း စစ်ရာဇဝတ်မှုတွေဖြစ်တဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ အကြောင်းမဲ့ ပစ်သတ်ခံရမှုကြောင့် ပြည်သူ (၁၀၅)ဦးသေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက် ၁၈ နှစ် အောက် ကလေး ၁၉ ဦး အထိ ပါဝင်နေတယ်လို့ ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။ သေဆုံးသူ (၁၀၅)ဦးထဲမှာ အသက်အရွယ် ခွဲခြားလိုမရတဲ့ ရုပ်အလောင်းတွေက (၃၇) ဦး ရှိပြီး အသက် (၁၈)နှစ် အောက်ကလေး သေဆုံးသူ ၁၉ ဦးထက်လည်း ပိုနိုင်တယ်လို့ လည်း KHAI လက်ထောက်အမှုဆောင်ဒါရိုက်တာ ခူးကြူးဖဲကေး ကပြောပါတယ်။ “ အဲ့အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးသူငယ်သေဆုံးမှုက (၁၉)ဦးရှိပြီး၊ ကျားက (၁၀) ယောက်နဲ့ မ က (၉)ယောက်နှုန်းဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူစုစုပေါင်းသေဆုံးမှုအထဲမှာ အသက်(၁၈) နှစ်အောက်ကလေးသူငယ်တွေ သေဆုံးမှု က (၁၉)ယောက်ထိ ရှိခဲတာမို့ အကြမ်းဖက် စစ်တပ်ဟာ အင်မတန်မှဆိုးဝါးတဲ့ လူအခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့ ကျနော်တို့ သုံးနှုန်းချင်ပါတယ်။ ဒီလူအခွင့်အရေးချိုးဖောက်မှု နဲ့ စစ်ရာဇဝတ်ကျူးလွန်မှုများကို နိုင်ငံတကာ နှင့် ဒေသတွင်းနိုင်ငံတွေကနေ လက်ပိုက်ကြည့်မနေသင့်တော့ပါဘူး။ စစ်အုပ်စုရဲ့ ရက်စက်မှုတွေကို အရေးယူဖို့အထူးလိုအပ်နေ ပါပြီ။ “ လို့ သူကပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲဒေသ အပါအဝင် သေဆုံးသူ အများဆုံးမှာ လွိုင်ကော်မြို့နယ်ထဲက ဖြစ်ပြီး ၄၂ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒုတိယအများဆုံးမှာ ဒီးမော့ဆိုမြို့နယ်ကဖြစ်ပြီး ကျား (၆၁)ဦး ၊ မ(၂၁)ဦး နဲ့ ရုပ်အလောင်းအတည်ပြု လို့မရတဲ့ အချက်အလက်အရ (၂၃) ဦးရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရပြီး ရုပ်အလောင်း မီးရှို့ဖျက်ဆီးခံရ တာတွေကြောင့် ရုပ်အလောင်းအတည်ပြုလို့ မရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီး (၇၈၉) ရက် အတွင်း ကရင်နီပြည်မှာ စစ်ရှောင်အပါအဝင် အရပ်သားသေဆုံးသူ (၄၃၉) ဦးအထိ ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု PKPF ရဲ့ မတ်လ ၁ ရက်နေ့က ဖော်ပြထားပါတယ်။ https://www.kantarawaddytimes.org/%e1%81%82%e1% 81%80%e1%81%82 %e1%81%82%e1%80%81%e1%80

၁။ ပုလောမြို့ပေါ်က စားနပ်ရိက္ခာများ ပြင်ပသယ်ယူခွင့် စစ်ကောင်စီတပ် ပိတ်ပင်
March 3, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စားနပ်ရိက္ခာ‌တွေကို မြို့ပေါ်ကလွဲပြီး တခြား‌နေရာဒေသတွေကို သယ်ယူ ခွင့်မရတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ပုလောမြို့နယ်မှာ အရင်ကထက် စည်းကမ်းတင်းကျပ်တာတွေ ရှိလာတယ်လို့သိရပြီး မကြာခဏဆိုသလို စစ်ကောင်စီဘက်က ပိတ်ပင်တားဆီးတာမျိုးတွေ လုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။ ပုလောမြို့နယ်ထဲရှိ ပလမြို့၊ ပလောက်မြို့က ကျေးရွာတွေက ဒေသခံတွေဟာ မြို့ပေါ်မှာ အသားငါးနဲ့ သီးနှံတွေ လာရောင်းကြပြီး အိမ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ပြန်ဝယ်သွားတာတွေ လုပ်လေ့ ရှိကြတာဖြစ်ပြီး အခုလိုပိတ်ပင်မှုကြောင့် အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

ဒေသခံတဦးက “ရုတ်တရက် ပိတ်ပင်လိုက်တာ၊ အခုဆို မြို့ပေါ်မှာလာရောင်းပြီး ရွာဘက်ကိုတော့ လိုအပ်တဲ့ရိက္ခာတွေ ပြန်သယ်သွားလို့မရဘူး။ ဒီရွာတွေဘက်မှာဆို ဓာတ်ဆီတွေလည်း သယ်မရ‌တော့ အခက်အခဲ ဖြစ်လာနိုင်တယ်။ ဆိုင်ကယ်နဲ့ ဆီဖြည့်မှ ရတယ်တဲ့။ အပိုဝယ်ခွင့် ပိတ်ထားတယ်တဲ့။ အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေ ဝယ်သွားလို့ မရတော့ဘူး။ ပုလောမှာ စည်းကမ်းတွေ ပိုတင်းကျပ်လာတယ်” လို့ ပြောပါတယ်။ အဆိုပါ စားနပ်ရိက္ခာသယ်ယူခွင့်ကို အခုရက်ပိုင်းကစပြီး ပိတ်ပင်လိုက် တာ ဖြစ်တယ်လို့ သိရပေမဲ့ ဘယ်အချိန်ထိ ပိတ်ပင်ထားမလဲဆို‌တာတော့ မသိရသေးကြောင်း ပြောပါတယ်။ ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေး သတ်မှတ်ပြီးနောက် စစ်ကောင်စီဘက်က တဖြည်းဖြည်း ပိတ်ပင်တားဆီးတာတွေ လုပ်လာတဲ့အပြင် မြို့အဝင် အထွက် ဂိတ်စခန်းတွေမှာလည်း ဆက်ကြေးကောက်ခံပြီး အတင်းအကျပ် စစ်ဆေးတာမျိုးတွေ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archiv es/581616

၂၂။ မော်လမြိုင်တွင် နေအိမ်(၄)လုံးမီးလောင်ပြီး မြေးအဘိုးနှစ်ဦး မီးလောင်သေဆုံး
March 2, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်တွင် နေအိမ် လေးလုံး မီးလောင်ခဲ့ပြီး အိမ်တအိမ်ထဲတွင် ပိတ်မိသွားသည့် မြေး အဘိုးနှစ်ဦး မီးလောင် သေဆုံးခဲ့ရကြောင်း သိရသည်။ မော်လမြိုင်မြို့၊လှိုင်ရပ်ကွက်၊ဘဲကုန်းဈေးအနောက်ဘက်မှ နေအိမ် လုံးသည် မတ်လ ၁ ရက်နေ့ နေ့ခင်း ၂ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါမီးလောင်မှု တွင် လေဖြတ်နေသည့် အသက် ၈၀ အရွယ် အဘိုးဖြစ်သူနှင့် အသက် လေးနှစ်အရွယ် မြေးဖြစ်သူတို့ မီးလောင်သေဆုံးခဲ့ရကာ နေအိမ်လေးလုံး မီးလောင်ပျက်ဆီးခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးအသင်းနှင့် ဒေသခံများမှ သိရသည်။ “အသက် ၈၀ အရွယ် အဖိုးနဲ့ လေးနှစ်အရွယ် မြေးယောကျ်ားလေးတစ်ယောက်ဆုံးသွားတယ်။ အဘိုးကလေဖြတ်ထားတယ်။ ကျနော့စိတ်ထင် မီးက တချက်တည်းတောက်လာတော့ ပြေးလို့မလွတ်တော့လို့ ကလေးကြောက်မှာစိုးလို့ ဖက်ထားတာလားမသိဘူး။ ကလေးကိုဖက် လျက်ကြီးဖြစ်နေတယ်”ဟု ရာမည အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ မီးလောင်မှုသည်ဝါယာရှော့ကြောင့်ဟု ကနဦးသတင်းထွက်‌နေပြီး မီးသတ်ဌာနက အသေးစိတ် စစ်ဆေးနေဆဲ ဖြစ်ကြောင်းသိရသည်။ မီးစတင်လောင်ကျွမ်းသည့်နေအိမ်မှ အိမ်ပိုင်ရှင်လည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများက ပြောသည်။ မီးလောင်သည့်နေအိမ်များကို မီးသတ်တပ်ဖွဲ့များ၊ ဒေသခံပရဟိတအသင်းများနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ မိနစ်၂၀ ခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်သေဆုံးခဲ့ရသည့် မြေးအဘိုး ရုပ်အလောင်း အား မော်လမြိုင်ဆေးရုံကြီးရင်ခွဲရုံမှတဆင့်သုဿာန်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ https://www.facebook.com/Mizzima Daily/photos/pcb.6464208846947299/6464207 240280793/

၂၃။ အရပ်သားတွေ စစ်ဝတ်စုံဝတ်ဆင်နေမှုကြောင့် စစ်ရှောင်စခန်းတွေပါ ပစ်မှတ်ထားခံရမှာကို စိုးရိမ်
March 3, 2023

ကရင်နီပြည် အတွင်းက စစ်ရှောင်စခန်းတွေမှာ ရှိနေတဲ့ အရပ်သားပြည်သူတချို့ဟာ စစ်ဝတ်စုံဝတ်ပြီး သွားလာနေ ကြတာကြောင့် စစ်ရှောင်စခန်းတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပြီး ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာမှာကို စိုးရိမ်နေကြတယ်လို့ စစ်ရှောင်စခန်း ကော်မတီဝင်တွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည် မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသလို စစ်ရှောင်ပြည်သူတွေ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ နေ့စဉ်နီးပါး ဒရုန်းတွေနဲ့ ကင်းထောက်နေတာရှိတဲ့အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း စစ်ရှောင်တစ်ဦးက ပြောပါ တယ်။ “ စိုးရိမ်စရာတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ ဒီအရပ်သားပြည်သူတွေက အရပ်သားဝတ်စုံမဝတ်ဘဲ တကယ် လို့ယူနီဖောင်း(စစ်ဝတ်စုံ) ဝတ်မယ်ဆိုလို့ရှိရင် တဖက်မှာ စစ်ကောင်စီက အမြဲတမ်း ဒရုန်းနဲ့ ကင်းထောက်တာတွေ အမြဲတမ်းပြု လုပ်တာပေါ့နော်။ တကယ်လို့ သူတို့ကို ရဲဘော်တွေလို့ ထင်သွားလို့ရှိရင် အပေါ်ကနေ ဒရုန်းနဲ့ပစ်ချနိုင်တယ် အဲတော့ သူတို့ (စစ်ရှောင်) အတွက် အများကြီး အန္တာရာယ်ရှိနိုင်တာပေါ့နော်။ တကယ်လို့ ယူနီဖောင်း(စစ်ဝတ်စုံ) ဝတ်မယ်ဆိုလို့ရှိရင်။” လို့ သူက ပြောပါတယ်။

ဖရူဆိုမြို့နယ်က စစ်ရှောင်စခန်းတချို့မှာ အရပ်သားတွေကို စစ်ဝတ်စုံတွေကို မဝတ်ဖို့ တားမြစ်ထားတာရှိပြီး တချို့ စစ်ရှောင်စခန်းတွေမှာ မဝတ်ဆင်ဖို့ စည်းကမ်း ထုတ်ပြန်ထားတွေ ရှိပါတယ်။ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာရှိတဲ့ ရွာနဲ့ စစ်ရှောင်စခန်းတွေမှာ စစ်ဝတ်စုံ မဝတ်ဖို့ ပြောဆိုထားတာ ရှိပေမယ့် တရားဝင်စည်းကမ်းချက်ထုတ်ထားတာ မရှိဘူးလို့ဆိုပါ တယ်။ အထူးသဖြင့် စစ်ရှောင်စခန်းတွေမှာ သက်ကြီးရွယ်အိုနဲ့ကလေးတွေ များတာကြောင့် လုံခြုံရေးပိုင်း စိုးရိမ်နေရတဲ့အတွက် စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ ဒရုန်းရန်ကို အနည်းနဲ့အများ ကာကွယ်နိုင်ဖို့ စည်းကမ်းချက်ထုတ်ထားရတာဖြစ်တယ်လို့ စစ်ရှောင်ကော်မတီတစ်ဦးက ပြောပါတယ်။ “လက်နက်ကိုင်ဆောင်ပြီး စခန်းထဲဝင်ထွက်၊သွားလာတာမျိုးတွေ မြင်လို့ရှိရင် စစ်တပ်တွေဖက်က သတင်းတွေရလို့ရှိရင် ညညဆို လက်နက်ကြီးနဲ့ လှမ်းလှမ်းထုတတ်လို့ အဲကြောင့် သိတဲ့အတိုင်းပဲလေ စစ်ရှောင်ခန်းတွေကို လက်နက်ကြီးနဲ့ မကြာမကြာ လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုးတွေ ခဏခန ဖြစ်နေကျ အဲလိုမျိုးတွေမဖြစ် အောင် ဆိုပြီးတော့မှ တတ်နိုင်သလောက် စည်းကမ်းတွေကို ထိန်းသိမ်းတဲ့သဘောပါပဲဗျ။” လို့ သူက ပြောပါတယ်။ အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို အကြောင်းမဲ့ သတ်ပစ်တာမျိုးတွေ ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့အဖြစ် စွပ်စွဲပြောဆိုလေ့ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဗညားက ပြောပါတယ်။“လုံးဝကို မဝတ်တာ အကောင်းဆုံး ဖြစ်တယ်။ ရှိတဲ့ဟာလေးနဲ့ တကယ့်ကို သာမန်လူထုတွေလိုမျိုး ဝတ်စားဆင်ယင်တဲ့ဟာနဲ့ သွားလာတာက အသင့်တော်ဆုံးဖြစ် တယ်။ အန္တရာယ်အကင်းဆုံးဖြစ်တယ်။ နောက်ပြီးတော့မှ တစ်ဖက်ရန်သူတွေ ဝါဒဖြန့်ချိမှုကိုလည်း ကျနော်တို့ ကာကွယ်နိုင်တာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အသက်လည်း ပိုလုံခြုံတယ်လို့ ပြောလို့ရပါတယ်။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဗညားက ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%a1%e1%80%9b%e1%80%95%e1%80%ba%e1%8

၂၄။ ဆန်ဈေးနှုန်း မြင့်တက်နေ၍ဆန်များကို ထိန်းချုပ်ပေးရန် စစ်ကောင်စီနှင့် ULA ကို မဟာရက္ခိတအဖွဲ့ တောင်းဆို
March 1, 2023

ရခိုင်တွင် ဆန်ဈေးနှုန်းအဆမတန်ဈေးမြင့်တက်လာနေသဖြင့် ပြည်သူများ အခက်အခဲ ဖြစ်လာနိုင်သဖြင့် ရခိုင်က ဆန် များကို ပြင်ပသို့ ပို့ဆောင်နေမှုအား တားဆီးထိန်းချုပ်ပေးရန် စစ်ကောင်စီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထံ မဟာရက္ခိတ အဖွဲ့က စာရေးတောင်းဆို လိုက်သည်ဟု သတင်းရရှိသည်။ မဟာရက္ခိတအဖွဲ့ဥက္ကဋ္ဌ အာရကန်မောင်လှ(ခ)ဦးအောင်သန်းနုက ” ဆန်ကုန်သည်၊ ဆန်စပါး အသင်းတို့က တစ်ဘက်တည်းကြည့်ပြီး စီးပွားရေး လောဘတွေနဲ့လုပ်မယ်ဆိုရင် ပြည်သူတွေ အခက် အခဲ ဖြစ်လာနိုင်တယ်။ ရခိုင်ပြည်သူတွေကို မငဲ့ညှာဘဲနဲ့ ဘင်္ဂလာပို့မယ်၊ ဗမာပြည် ရန်ကုန်၊ မန္တလေးဘက်ပို့နေမယ်ဆိုရင် ရခိုင်မှာ ဆန်မရှိတော့ရင် မကြာခင် အခက်အခဲဖြစ်လာနိုင်တယ်။ ပြီးတော့ ဒီနှစ် စပါးက မုန်တိုင်းနဲ့ ရာသီဥတုအခြေအနေတွေ ကြောင့်လည်း တော်တော် ပျက်စီးသွားတယ်။ ဒါကြောင့် ဒီဆန်ကိစ္စကို မျက်စိမှိတ်နေလိုက်မယ်ဆိုရင် မကြာခင် အကျပ်အတည်း ဖြစ်လာနိုင်တဲ့အတွက် ခုလို စာရေးတောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။ ၎င်းစာကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၂၇) ရက်စွဲ ဖြင့် တင်ပြ တောင်းဆိုထားသည်ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ဖေဖော်ဝါရီ (၂၄) ရက် ဆန်ဈေးနှုန်းအရ (၂၅)ပြည် တစ်အိတ်ကို ပေါ်ဆန်းမွှေး ဟောင်း တစ်အိတ်စျေးနှုန်းမှာ အမျိုးအစားလိုက် ကျပ် ၉၀၀၀၀ နှင့် ၉၅၀၀၀ အထိ စျေးနှုန်းမြင့်တက်သွားပြီး ပေါ်ဆန်းမွှေးသစ် (၂၅)ပြည် တစ်အိတ်မှာလည်း အမျိုးအစားအလိုက် (ကျပ် ၇၂၀၀၀၊ ၇၅၀၀၀ နှင့် ၇၈၀၀၀ အထိ) ရှိနေပြီး သီရိဒုံဆန်သစ် (၆၇၀၀၀-၆၈၀၀၀)၊ ဧည့်မထ (၆ဝဝဝဝ)၊ စာပစိ(မီးဒုံး)(၇၀၀၀၀-၇၂၀၀၀) အထိ စျေးနှုန်းများမြင့်တက်လျက်ရှိပြီး ယခုစျေးနှုန်း များသည် ရခိုင်တွင်စံချိန်တင်မြင့်တက်နေသည့် ဆန်စျေးနှုန်းများဖြစ်သည်ဟု အဖွဲ့ဥက္ကဋ္ဌ အာရကန်မောင်လှ(ခ) ဦးအောင်သန်းနု က ပြောသည်။ “ ဆန်စျေးတွေက အခု အရမ်းတက်နေတယ်။ အခုက နိုင်ငံရေးပါတီ တွေကနေလည်း ပြောနိုင် ဆိုနိုင်တဲ့ အခြေ အနေမရှိဘူး။ သူတို့ဟာသူတို့ ပါတီအတွက်ကြိုးစားနေရချိန်ဆိုတော့ ကျနော်တို့က အမျိုးသားရေး အမြင်နဲ့ ဒီလို ဖြစ်နေတာကို လက်ပိုက်ကြည့်နေလို့မရဘူးဆိုပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။ ဆန်ဈေးကြီးမြင့်မှုအား အဘက်ဘက်မှ မထိန်းချုပ်နိုင်ပါက ၁၉၆၇ ခု၊ ဩဂုတ်လ (၁၃)ရက်ကဲ့သို့ သမိုင်းတွင်သည့် ဆန်ပြဿနာပေါ်ပေါက်နိုင်ပြီး ဆူပူအုံကြွမှု၊ ခိုးဆိုး လုယက်ဓားပြမှု၊ လူသတ် မုဒိမ်းမှုစသည့် ဒုစရိုက်မှုများ များပြားလာနိုင်သဖြင့် စစ်ကောင်စီ အစိုးရဌာနဆိုင်ရာများအပြင် ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA)တို့ကလည်း တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်ရန်လိုအပ်သည်ဟု ဆက်ပြောသည်။ ပြီးခဲ့သည့် စပါး စိုက်ရာသီအတွင်း ရခိုင်တွင် စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့် စိုက်ပျိုးစရိတ် ကြီးမြင့်မှုတို့ကြောင့် စပါးစိုက်ဧက လျော့နည်း ခဲ့ပြီး ရာသီဥတုအခြေအနေကြောင့် စပါးဖြစ်ထွန်းမှုလည်း ကျဆင်းခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ် သမားသမဂ္ဂ၏ စာရင်းအရ ရခိုင်ပြည်တွင် စပါးစိုက်လယ် ဧကပေါင်း ၁၂ သိန်းခွဲ ကျာ်ရှိသော်လည်း ပြီးခဲ့သည့် စပါးစိုက်ရာသီ အတွင်း အကြောင်းအမျိုးမျိုးကြောင့် လယ်ဧက ၈ သိန်းခွဲ ကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ https://burm ese.narinjara.com/…/63ff5dee24c6660813e2eaad

၂၅။ ကျိုက်ထိုတွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး
March 3, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာနဲ့ စိမ်ကလဲ့ရွာ လမ်းခွဲအနီး မတ် ၃ ရက် ဒီမနက် ၅ နာရီလောက်က ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ၆ ဦး သေဆုံးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအတွက် ကင်းပုန်းလာဝပ်တဲ့ တပ်အင်အား ၁၅ ဦးလောက်ပါတဲ့ စစ်ကောင်စီ တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF၊ KRF၊ ABSDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါး ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့က အထိ အခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ပစ်ခတ်မှုပြီးနောက် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို စစ်ကောင်စီတပ်က ကားနဲ့ လာ ရောက်တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် ကျိုက်ထို မြို့နယ်အခြေစိုက် တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ကဒတ်ချောင်းကျေးရွာထဲနဲ့ မဟာစည်ဘုန်းကြီး ကျောင်းအနီး လက်နက်ကြီး ၂ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ် မသိရသေးပါဘူး။ စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသာ ဒဏ်ရာရ ရှိခဲ့ကြောင်းနဲ့ Icon စက်တလုံးနဲ့ ပစ္စတိုသေနတ် တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားနေကြပါတယ်။ https://burmese.d vb.no/archives/581710

၂၆။ ရသေ့တောင်တွင် မီးလောင်ပြီး နေအိမ် ၄ လုံး ဆုံးရှုံး
March 3, 2023

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှာ မတ် ၃ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံး ပျက်ဆီးဆုံးရှုံးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရသေ့တောင်မြို့၊ အရှေ့ရပ်ကွက်ရှိ ဦးကျော်ဝင်းမောင်ရဲ့အိမ်မှာ ခြင်ဆေးခွေထွန်းထားရာက အိမ်ရဲ့ဝါးထရံကို ကူးစက်ပြီး လောင်ကျွမ်းမှုဖြစ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “မီးလောင်တာကတော့ မနက် ၂ နာရီကျော်လောက်မှာ မီးလောင်မှုဖြစ်တာ။ ခြင်ဆေးခွေ ထွန်းညှိ့ထားတာက အိမ်နံရံကိုကူးစက် ပြီး လောင်ခဲ့တာဖြစ်တယ်။ အိမ်ကတော့ ၄ လုံး လောင်ကျွမ်းသွားတယ်။ အိမ်တွေက ပူးကပ်ပြီး ဆောက်လုပ်ထားတာဆိုတော့ တအိမ်လောင်တာနဲ့ နောက်တအိမ်ကူးဖို့က အရမ်းလွယ်တော့ ကူးစက်သွားတာဖြစ်တယ်။ လူတွေ ထိခိုက်သွားတာတော့ မရှိ ဘူး။ မနက် ၃ နာရီ ၁၀ မိနစ်လောက်မှာ မီးအားလုံးငြိမ်းသွားတယ်။ အခုတော့ အဲဒီ မီးလောင်သွားတဲ့အိမ်တွေက လူတွေ မိသားစု အိမ်တွေမှာ ခိုလှုံနေကြတယ်။” မီးလောင်သွားတဲ့ အိမ်တွေကတော့ ဦးကျော်ဝင်းမောင်၊ ဦးမောင်သိန်းရွှေ၊ ဦးသိန်းရွှေမောင် နဲ့ ဦးမောင်ရွှေသိန်း တို့ နေအိမ်တွေ ဖြစ်ကြပါတယ်။

မတ် ၂ ရက်ကလည်း မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာမှာ နေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ရခိုင်ပြည် နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုဖြစ်ပွားပြီး‌ ပုဏ္ဏားကျွန်းမြို့က ရဟန်း၊ ကျောက်တော်မြို့နယ်က အမျိုးသားတဦးနဲ့ မြောက်ဦးမြို့နယ်က အဘွားအိုတဦး သေဆုံးတာတွေ ရှိခဲ့ပါတယ်။ https://burmese.dvb.no/archives/5817 

၂၇။ ထင်းလောင်စာ လျော့ချသုံးနိုင်ဖို့ နည်းစနစ်လိုအပ်တယ်လို့ စစ်ရှောင်တွေပြော
March 3, 2023

စစ်ရှောင်စခန်းတွေမှာ နေ့စဉ်ချက်ပြုတ်စားသောက်ရေးအတွက် အဓိက အသုံးပြုသုံးစွဲနေကြတဲ့ ထင်းလောင်စာ လျော့ ချသုံးနိုင်ဖို့ နည်းစနစ်တွေ သင်တန်းတွေပေးဖို့လိုတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။ စစ်ရှောင်အမျိုးသမီး တစ်ဦးက “ကျွန်မ လိုချင်တာက အဓိကက ဘာလဲဆို‌တော့ ထင်းကိုလောင်စာလျော့သုံးနိုင်မဲ့ နည်းစနစ်တွေပေါ့နော်။ ဒီနည်းစနစ်တွေ ဖြစ်စေ များတော့အားဖြင့်ပေါ့ ဒီချိန်မှာကိုယ်ပဲ မဟုတ်ပဲနဲ့ စစ်ရှောင်အများကြီးရှိအတွက်ကြောင့် ထင်းကိုများများ ခုတ်ခြင်းအား ဖြင့် ပတ်ဝန်းကျင်ရဲ့သဘာဝ အလှတရား၊ သဘာဝ သစ်ပင်တွေ အများကြီး ထိခိုက်သွားတယ်ပေါ့နော်။ အဲ့ကြောင့်မို့ ကျွန်မ‌ တစ်ယောက် အဖြစ်ချင်ဆုံးဆန္ဒက သဘာဝကို ထိခိုက်ဖို့ လျော့ချနိုင်တဲ့နည်းစနစ်က လောင်စာလျော့သုံးနိုင်တဲ့နည်းရယ်၊ လောင်စာလျော့သုံးနိုင်တဲ့ပစ္စည်းကို ကျွန်မတို့လိုချင်တာပေါ့နော်”လို့ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦး က ပြောပါတယ်။ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ ယခင်က တောတောင်တွေမှာ ထင်းခြောက်တွေကိုသာ ရှာဖွေခုတ်ရာမှ လက်ရှိမှာတော့ ထင်းအစိုပါ ခုတ်နေရတယ်လို့ ဆိုပါတယ်။ ထင်း ထော်လဂျီတစ်စီးကို ၆သောင်းကျပ်ပေးဝယ်ရတာကြောင့် အလုပ်အကိုင်မရှိတဲ့အတွက် ထင်းဝယ်သုံးစွဲဖို့ မတတ်နိုင်ဘဲ အဝေးမှာ သွားရောက်ခုတ်ယူရတယ်လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ တောတောင်အနီးအနားမှာသာ နေထိုင်ရပြီး လူဦးရေလည်းများပြားသလို ထင်းပိုမိုခုတ်ပါက သဘာဝ အလှတရားကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ထင်းလောင်စာလျော့ချနိုင်မယ့် နည်းလမ်းကို တောင်းဆိုခြင်းဖြစ်တယ်လို့ ဆိုပါ တယ်။ “ကျွန်မတို့ ဒီ ထင်းလို့ပြောလိုက်ရင် အစက အခြောက်ပဲ။ကျွန်မတို့ အခြောက်ကနေခုတ်တယ်ပေါ့နော်။ အခြောက်ကနေ နှစ်ပေါင်းကြာလာ တစ်နှစ်ကြာလာတဲ့အခါမှာ ကျွန်မတို့အစိုတွေခုတ်လာတယ်ပေါ့နော်။အဲ့ဒီ အစိုတွေခုတ်လာတဲ့အချိန်မှာ ပတ်ဝန်းကျင်ကိုလဲထိခိုက်နိုင်တယ် ပတ်ဝန်းကျင်ဆိုတာက သဘာဝအလှတရားကိုလဲ ထိခိုက်နိုင်တယ်ပေါ့နော်။” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။ စစ်ရှောင်တွေဟာ ကျေးရွာအနီးပတ်လည်မှာ ခိုလှုံနေကြရပြီး ထင်းရှာဖွေခုတ်ရတဲ့ အတွက် ရွာခံတွေနဲ့လည်း ပဋိပက္ခဖြစ်စေနိုင်တာကြောင့် ရေရှည်အတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ဒေသတွင်းတိုက်ပွဲ တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေဟာ ဆောင်းရာသီအတွင်းအနွေးဒဏ်ရဖို့နဲ့ နေ့စဉ်ချက် ပြုတ်စားသောက်နိုင်ဖို့နဲ့ ထင်းလောင်စာတစ်ခုတည်းကိုသာ သုံးစွဲနေကြရတယ်လို့ သိရပါတယ်။

၂၈။ ဝိုင်းမော်တွင် အမျိုးသားတစ်ဦး လူမှားပြီး ဓါးခုတ်ခံရ
March 3, 2023

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ယမန်နေ့ ည ၁၁ နာရီခန့်က အမျိုးသားတစ်ဦးကို အမည်မသိလူလေးဦးက လူမှားပြီး ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆိုင်ကယ်ဖြင့် နေအိမ်ပြန်လာသော အမျိုးသားကို အမည်မသိ လူငယ်လေးဦးက ဝိုင်းမော် မြို့ ရပ်ကွက် (၅) လမ်းသွယ် (၁၆)တွင် ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်မြတ်စေတနာလူမှုကူညီရေးအသင်း ၏ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ “ခေါင်းကတော့ ဓါးနဲ့ခုတ်တဲ့ဒဏ်ရာက ၄ လက်မလောက်တော့ ပေါက်သွားတာပေါ့။ သူက အိမ်ပြန်တယ် ပြောတယ်။ ရိုက်ခံရတဲ့သူရဲ့ အိမ်ကလည်း အဲ့နားလေးမှာပဲ ဟုတ်တယ်” ဟု ပြောသည်။ ဓားခုတ်မှု ကျူးလွန်သူများသည် လူမှား ခုတ်မိခြင်းဖြစ်ပြီး ကျူးလွန်သူများကို အုပ်ချုပ်ရေးဆိုင်ရာလူကြီးများက ပြန်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက ဆိုသည်။

“မှားရိုက်မိတော့ လက်လွန်သွားတာ၊ နောက်မှ ရပ်ကွက်လူကြီးတွေ ရဲတွေလာဆွဲတားတာ။ ကျွန်တော့် အိမ်နားမှာ ဖြစ်သွားတာ။ လူမှားသွားပြီးတော့ ကချင်ကောင်တွေထင်ပြီး မှားပြီး ပိတ်ရိုက်ခွဲပြီး လက်လွန်သွားတာတဲ့။ အခုပြန်လွတ်ပေး လိုက်ပြီ သူတို့ကို။ နောက်တစ်ခါဆိုရင်တဲ့ ဝိုင်းမော်က နှင်ထုတ်မှာတဲ့ ရွာလူကြီးက သတိပေးလိုက်ပြီ မဖမ်းတော့ဘူး” ဟု ဆို သည်။ ဓားခုတ်ခံရသော လူငယ်အမျိုးသားမှာ အသက် ၂၂ နှစ်အရွယ် ကိုမြင့်ဦး ဟုခေါ်ပြီး ဦးခေါင်းတွင် ၄ လက်မခန့် ဓားဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်မှု မရှိကြောင်း သူက ဆက်ပြောသည်။ လူမှားကာ ဓားခုတ်မှုကျူးလွန်ခဲ့သော လူငယ်များသည် အသက် ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ်များဖြစ်ကြပြီး ဝိုင်းမော်မြို့ ရပ်ကွက် ၅ တွင်နေထိုင်သူများဖြစ်ကြောင်း သိရသည်။ ဓားခုတ်မှု ကျူးလွန်ခဲ့သော လူငယ်များကို ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာလူကြီးများက နှစ်ဦးသဘောတူ ဖြေရှင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ https://www.facebook.com/The74Media/photos/ a.116371983215665/757371829115674/

၂၉။ ရခိုင်မှာ တရုတ်က လေအားလျှပ်စစ် စီမံကိန်းသုံးခု တည်ဆောက်မည်
March 3, 2023

ရခိုင်ပြည်နယ် အမ်း၊ သံတွဲနဲ့ ဂွမြို့နယ်တွေမှာ ဆောက်လုပ်မယ့် လေအားလျှပ်စစ်စီမံကိန်း သုံးခုကို တရုတ် ကုမ္ပဏီ တွေနဲ့ နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ မတ်လ ၁ ရက်နေ့က သဘော တူညီမှု စာချုပ်ချုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အလင်း သတင်းစာမှာ မနေ့က ဖော်ပြပါတယ်။ လျှပ်စစ်စွမ်းအားစီမံရေးဦးစီး ဌာနဲ့ Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited၊ Yunnan Machinery and Equipment Import and Export Co., Ltd. တို့အကြား ချုပ်ဆိုခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအား ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန် နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Haiတို့ ဦးဆောင်တက်ရောက်ခဲ့တယ်လို့ ဆိုပါ တယ်။ အဲဒီစီမံကိန်းမှာ အမ်းမြို့နယ်မှာ ၁၅၀ မဂ္ဂါဝပ်၊ သံတွဲမှာ ၁၁၀ မဂ္ဂါဝပ်နဲ့ ဂွမြို့နယ်မှာ ၁၀၀ မဂ္ဂါဝပ် ပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားတယ် လို့လည်း ထုတ်ပြန်ချက်မှာပါရှိ ပါတယ်။

တရုတ်ဟာ သူတို့နိုင်ငံရေး စီးပွားရေးထွက်ပေါက်ရှိတဲ့ ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ လွှမ်းမိုးအောင် လုပ်နေတာဖြစ်ပြီး တရုတ်ရဲ့စီမံကိန်းတွေဟာ ဒေသခံတွေအတွက် မျှော်လင့်စရာမရှိဘူးလို့ ရခိုင်မှာ တရုတ် စီမံကိန်းတွေအ ကြောင်း စောင့်ကြည့်နေတဲ့ ကျောက်ဖြူဒေသခံ ကိုထွန်းကြည် ကပြောပါတယ်။ “တရုတ်ကတော့ ရခိုင်ပြည်နယ်ကနေ အန္ဒိယ သမုဒ္ဒရာထွက်ပေါက်ကို မရ ရအောင်လုပ်မယ်။ အခု စီမံကိန်း လုပ်မယ့် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသဆိုရင် သူတို့ရဲ့ စီမံကိန်း တွေက အများကြီးရှိနေပြီ။ ဆိုတော့ တရုတ်ကတော့ သူ့နိုင်ငံရဲ့ စီးပွားရေးထွက်ပေါက်ရှိနေတဲ့ ရခိုင်လိုနေရာကို သူရဲ့ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ လွှမ်းမိုးအောင် လုပ်နေတာ။ တရုတ်ရဲ့ လက်ရှိစီမံကိန်းတွေရော အခုလာမယ့် စီမံကိန်းတွေရော ဒေသခံတွေ အတွက်ကတော့ ဘာမျှော်လင့်ချက်မှ မရှိပါဘူး” မြန်မာနိုင်ငံမှာ အခုလို မတည်ငြိမ်တဲ့ကာလမှာ စစ်ကောင်စီအနေနဲ့ တရုတ်ရဲ့ စီမံကိန်းတွေကို အခုလို လက်ခံနေတာဟာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အန္တရာယ်များတဲ့ အခြေအနေဖြစ်နေတယ်လို့ လည်း ဆိုပါတယ်။ https://www.rfa.org/burmese/news/r akhine-wind-energy-project-03032023051114.html

၃၀။ စစ်ကောင်စီ ကျေးရွာတွင်း တပ်စွဲနေထိုင်မှုကြောင့် ပင်လောင်းမြို့နယ် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေရ
March 3, 2023

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင်း စစ်ကောင်စီ၊ PNO တို့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နှင့် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ပြည်သူ (၅,၀၀၀) ဝန်းကျင်က ထွက်ပြေးတိမ်းရှောင် နေရကြောင်း စုံးစမ်းသိရသည်။ ပင်လောင်းမြို့နယ် ၈ ရက် သာ တိုက်ပွဲအတွင်း ဒေသခံ ပြည်သူများ နေ့စဉ်ဆက်တိုက် ထွက်ပြေး တိမ်းရှောင်နေရသည်။ ထို့အပြင် စစ်ကောင်စီက ဖယ်ခုံမြို့ နယ် နှင့် ပင်လောင်းမြို့နယ် နယ်စပ်တွင်ရှိသည့် ကျေးရွာများထဲတွင် တပ်စွဲနေထိုင်သောကြောင့် ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးလာနေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများကပြောသည်။ “စစ်ကောင်စီနဲ့ PNO တို့က ကျေးရွာထဲမှာ တပ်စွဲပြီး နေထိုင်နေတာရှိတယ်။ ပြီးတော့ ရွာထဲမှာလည်း ပြည်သူအိမ်တွေကို မီးရှို့တာလည်းရှိတယ်။ ပြည်သူတွေကလည်း စိုးရိမ်ပြီးတော့ မနေရဲဘူး။ ထွက်ပြေးနေရတယ်။ အခုဆိုရင် ၅,၀၀၀ ကျော်လောက် ရှိနေပြီ” ဟု ၎င်းက ပြောသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပင်လောင်းမြို့နှင့် နောင်တရားပေါ်ရှိ ဘုန်းကြီးကျောင်းထဲတွင် ခိုလှုံနေကြပြီး၊ အချို့စစ်ဘေးရှောင်များ သည် ဆွေမျိုးအိမ်တွေမှာ သွားရောက်ခိုလှုံကြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီကလက်နက်ကြီးများကိုရမ်းသမ်းပစ်ခတ်သဖြင့် နေအိမ်များပျက်စီးသွားကြောင်းသိရသည်။ ထို့အပြင် တိုက်ပွဲအတွင်း PNO တပ်ဖွဲ့သည် ပျူစောထီးများသည့်အတွက်ကြောင့် ကျဆုံးမှု အများပြားရှိနေကြောင်း PDF နှင့် ရင်းနှီးသူထံမှ သိရသည်။ “PNO တပ်ဖွဲ့က စစ်သင်တန်း တက်ထားတဲ့ သူတွေဖြစ်တယ်။ အဲ့ကြောင့် သူတို့ဘက်က အကျဆုံး များတာ။ ပြီးခဲ့တဲ့ရက်က ၁၀ ယောက်သေတယ်လို့ ကြားတယ်။ သူတို့က စစ်သင်တန်းဆင်းတွေကိုလည်း တစ်ခါထဲ တိုက်ပွဲ သွားဝင်ခိုင်းတယ်လေ” ဟု ၎င်းက ပြောသည်။ လက်ရှိ စစ်ကောင်စီ နှင့် PDF တို့သည် ပင်လောင်းမြို့နယ် တောင်စလုံး ကျေးရွာ၊ မြောက်စလုံးကျေးရွာ တို့ဘက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး၊ တိုက်ပွဲကြောင့် စစ်ကောင်စီသည် ညဘက်အချိန်တွင် ကျေးရွာအတွင်း နှင့် စစ်ဘေးရှောင်စခန်းထဲသို့ လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်နေလျက်ရှိသည်။ ပင်လောင်းမြို့နယ် အတွင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၆ ဦးခန့် ပျောက်ဆုံးနေလျက်ရှိသည်။ https ://burmese.shannews.org/archives/33336

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။