• Today is: Monday, May 13, 2024

အိန္ဒိယရောက် မြန်မာခိုလှုံသူတွေကို ဇီဝမှတ်တမ်းကောက်ယူဖို့ အိန္ဒိယအစိုးရပြင်ဆင်၊ မြန်မာအရပ်ဖက်အဖွဲ့တွေကန့်ကွက်

အိန္ဒိယရောက် မြန်မာခိုလှုံသူတွေကို ဇီဝမှတ်တမ်းကောက်ယူဖို့ အိန္ဒိယအစိုးရပြင်ဆင်၊ မြန်မာအရပ်ဖက်အဖွဲ့တွေကန့်ကွက် 

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ 

ဇူလိုင် ၃၁ ရက်၊ ၂၀၂၃။

အိန္ဒိယ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာတွေရဲ့ ဇီဝမှတ်တမ်းအချက်အလက်တွေကို ဇူလိုင် ၂၉ ရက်နေ့ကစလို့ မဏိပူရ်ပြည်နယ်မှာ စတင်ကောက်ခံနေပြီး အခုနှစ် စက်တင်ဘာမှာ အပြီးကောက်ယူနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ အိန္ဒိယဘက်ကလာတဲ့ သတင်းဌာနတွေက ဖော်ပြပါတယ်။

မဏိပူရ်ပြည်နယ်ပြီးရင်တော့ မြန်မာစစ်ရှောင် ၃၅၀၀၀ ခိုလှုံနေတဲ့ မီဇိုရမ်ပြည်နယ်မှာပါ စာရင်းဆက်ကောက်ဖို့ ပြည်နယ်အစိုးရက ပြင်ဆင်နေပြီလို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရဟာ ပြည်ထဲရေးဝန်ကြီးဌာန (MHA) ၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံသားများ၏ ဇီဝဗေဒဆိုင်ရာ အသေး စိတ်အချက်အလက်များ စုဆောင်းခြင်းလုပ်ငန်းစဉ်ကို စတင်လိုက်ပြီလို့ တာဝန်ရှိသူများက ဇူလိုင် ၃၀ ရက်နေ့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်တယ်လို့ အိန္ဒိယသတင်းဌာန တစ်ခုဖြစ်တဲ့ national herald က ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံသားများ၏ ဇီဝတိုင်းတာမှု အချက်အလက် မှတ်တမ်းတင်ခြင်း ရှေ့ပြေးစီမံကိန်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ခရိုင် ၁၁ ခုစလုံးမှာ စတင်ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ် ပြည်ထဲရေးဌာန အရာရှိ အထူးတာဝန်-ကမ်-တွဲဘက်အတွင်းရေးမှူး David H. Lalthangliana က ပြောပါတယ်။ 

မီဇိုရမ်ရောက် မြန်မာနိုင်ငံသားတချို့ကတော့ သူတို့နေထိုင်နေတဲ့ နေရာတွေမှာ ဒေသန္တရအစိုးရတွေရဲ့ အစီအစဉ်နဲ့ သူတို့ရဲ့နောက်ခံအချက်အလက်တွေကို သွားရောက် စာရင်းပေးခဲ့ရတယ်လို့ ပြောပြပါတယ်။ 

မီဇိုရမ်ရောက် မြန်မာနိုင်ငံသား အမျိုးသမီးတဦးပြောတာက “ဟုတ်ပါတယ်။ ဒေသန္တရအစိုးရတွေရဲ့ အစီအစဉ်နဲ့ ကျမတို့ရဲ့ နောက်ခံအချက်အလက်ပေါ့၊ ဘယ်ကလာတယ်၊ ဘယ်အချိန်ကလာတယ်၊ နာမည်ဘယ်လိုခေါ်တယ်၊ အဖေနာမည်တွေကအစ ဒေသန္တရအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး ကျေးလက်ရုံးခွဲတွေမှာ သွားရောက်စာရင်းသွင်းခဲ့ရပါတယ်” လို့ FJMM ကို ပြောပါတယ်။ 

ဒါ့အပြင် အိန္ဒိယအစိုးရဘက်ကတော့ မြန်မာခိုလှုံသူတွေကို တရားမဝင်တဲ့သူတွေလို့လည်း မြန်မာခိုလှုံသူတွေနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်တွေမှာ ရေးသားဖော်ပြလာတာတွေ ရှိနေပါတယ်။ 

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Zoramthanga ကတော့ အိန္ဒိယနိုင်ငံထဲ ခိုလှုံလာသူ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးရေး ဗဟိုအစိုးရဌာနရဲ့ ညွှန်ကြားချက်ကို အစောပိုင်းကတည်းက ကန့်ကွက်ထားတာပါ။ 

မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသားများဟာ ၎င်းတို့ မီဇိုလူမျိုးများရဲ့ လူမျိုးစုတစ်ခုတည်းနှင့် သက်ဆိုင်တာကြောင့် ၎င်းတို့ကို ပြန်လည်တွန်းလှန်နိုင်ခြင်း မရှိကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်ဖြင့် ခိုလှုံနေထိုင်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် Zoramthanga က ပြောထားပါတယ်။

မြန်မာအရပ်ဖက်အဖွဲ့တွေကတော့ လူတစ်ဦးချင်းစီရဲ့ မတူညီတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် အပြုအမူပိုင်းဆိုင်ရာ လက္ခဏာတွေကို နည်းပညာအသုံးပြုသိမ်းဆည်းတဲ့ ဒီဇီဝမှတ်တမ်းအချက်အလက်ကောက်ယူတာဟာ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ချိုးဖောက်တာလို့ ဝေဖန်ထားကြပါတယ်။  

အိန္ဒိယ-မြန်မာအရေး လေ့လာနေတဲ့ India for Myanmar အဖွဲ့ကတော့ အခုလို ဒုက္ခသည်အဖြစ် ခိုလှုံလာသူ မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ ဇီ၀မှတ်တမ်း ကောက်ယူခြင်းဟာ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် ဇီ၀မှတ်တမ်း စုဆောင်းခြင်းနှင့် သိမ်းဆည်းခြင်းဟာ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာဘဝများသို့ ၀င်ရောက်ခြယ်လှယ်ခြင်း ဖြစ်ပြီး ဒုက္ခသည်များ၏ အကာအကွယ်မဲ့သည့် အခြေအနေများကို အမြတ်ထုတ်ကာ လူသားဖြစ်တည်မှုကို လျစ်လျုရူ အနိုင် ကျင့်တဲ့ လုပ်ရပ်လို့ပြောဆိုထားသလို (ကြိုတင်အသိပေးထားသော သဘောတူညီမှု) နှင့် (မိမိဆန္ဒအလျောက်) ဒုက္ခသည်များက အချက်အလက်ပေးတဲ့ ဖြစ်စဥ်ဖြစ်ရမည်လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုများနေတဲ့ အိန္ဒိယအစိုးရနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်း India for Myanmar အဖွဲ့က အထူး တိုက်တွန်း ပြောဆိုထားပါတယ်။

ဓါတ်ပုံ – Getty Images