• Today is: Sunday, April 28, 2024

မြန်မာပြည်ထောင်စုရဲ့ ဗဟုအမျိုးသား ဖြစ်တည်မှု (စကားဝိုင်းအနှစ်ချုပ်)

မြန်မာပြည်ထောင်စုရဲ့ ဗဟုအမျိုးသား ဖြစ်တည်မှု (စကားဝိုင်းအနှစ်ချုပ်)

ပထမပိုင်း – လက်ရှိ နိုင်ငံရေးပြဿနာများကို လေ့လာဆန်းစစ်ချက်

၁။       မြန်မာနိုင်ငံစတင်ပေါ်လာလာတဲ့ လွတ်လပ်ရေးကာလက စပြီး ပြည်တွင်းပဋိပက္ခပေါင်းစုံ တည်ရှိခဲ့သလို၊ လက်ရှိအချိန်အထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ထိုပဋိပက္ခရဲ့ အရင်းခံပြဿနာတွေက ဘာတွေလဲ။

  • မယဉ်ညိုသိမ့် (အမျိုးသမီးမဟာမိတ်အင်အားစု)

မြန်မာ့နိုင်ငံရဲ့ လွတ်လပ်ရေးရရှိမှုကို ပြန်ကြည့်မယ်ဆိုရင် အတ္တလန်တိတ် ချာတာ ကစနေစပြီးပြောရမှာ ဖြစ်ပါတယ်။ အတ္တလန်တိတ်ချာတာမှာ ပြဌာန်းချက်အရ မြန်မာနိုင်ငံကို တောင်တန်းဒေသတွေနဲ့ တပူးတည်း တွဲပြီး လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်လို့ လုပ်ဆောင်ခဲ့ပြီး အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် ပင်လုံစာချုပ်မှ တဆင့် ဒေသကြီးလေးခုဖြစ်တဲ့ ဗမာပြည်မ၊ ချင်းတောင်တန်း၊ ကချင်တောင်တန်းနှင့် ရှမ်းပြည်ထောင်စုတို့ အတူလွတ်လပ်ရေးယူပြီး အမျိုးသားတန်းတူရေးနှင့် တရားမျှတမှုကို အခြေခံပြီး တစ်နိုင်ငံတည်းအနေနဲ့ အတူနိုင်ငံတည်ထောင်ဖို့ သဘောတူခဲ့ပါတယ်။ သို့ပေမဲ့ အမျိုးသားတန်းတူရေးမရှိတာကြောင့် ၁၉၆၁ တောင်ကြီးညီလာခံမှ တဆင့် ရှစ်ပြည်နယ်မူကို တောင်းဆိုခဲ့ပါတယ်။

ထိုအရာကို ခွဲထွက်ရေးလို့ အကြောင်းပြချက်ပေးပြီး ဗိုလ်နေဝင်းမှ စစ်အာဏာသိမ်းခဲ့ရာမှ စစ်အာဏာရှင်စနစ် စတင်အမြစ်တွယ်ခဲ့၊ ပြည်တွင်းစစ်ကြီး ပိုမိုမီးတောက်ခဲ့ရတာဖြစ်ပါတယ်။ နောက်တချက်အနေနဲ့ ပဋိပက္ခတွေရဲ့ အရင်းခံပြဿနာကို ပြန်ကြည့်မယ် ဆိုလို့ရှိရင် လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေးကို အခြေပြုတဲ့ လူမှုဖွဲ့စည်းမှုမရှိတဲ့အပြင် Constitutionalism မထွန်းကားတဲ့ ပြဿနာ၊ အမျိုးသားတန်းတူရေးကို အလေးမထားတဲ့ ပြဿနာတွေလို့ ပြောလို့ ရပါတယ်။

  • ဆလိုင်းပီတာထန်း ( ချင်းအမျိုးသားအဖွဲ့ချုပ်)

အင်အားက သေနတ်ပြောင်းဝက လာတယ် ဆိုတဲ့ ခံယူချက်ကနေ ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်နဲ့ဖြေရှင်းတဲ့ အလေ့အထကြောင့် ပြည်တွင်းစစ်ကြီးမားလာရတာဖြစ်ပါတယ်။  လူ့အခွင့်အရေး၊ အမျိုးသားတန်းတူအခွင့်အရေးဟာ လူဖြစ်ခြင်းကနေ အခြေခံပြီး ရရှိတဲ့အခွင့်အရေး ဖြစ်ပါတယ်။ တော်လှန်ရေးဟာ ဘယ်ကနေ စဖြစ်တာလဲလို့ မေးရင် အမျိုးသားတစ်ရပ်လုံးဆင်းရဲခြင်းကနေ စပါတယ်။ နိုင်ငံရေးရာတောင်းဆိုမှုတွေနဲ့ ပြဿနာတွေကို ဖြေရှင်းခွင့်မပေးရာကနေ ပြည်တွင်းစစ်က ဖြစ်လာပါတယ်။

၂။ အမျိုးသား၊ လူမျိုးစု နဲ့ ဌာနေတိုင်းရင်းသားဆိုတဲ့ ဝေါ်ဟာရသတ်မှတ်ချက်ကို ဘယ်လို ပိုင်းခြားနိုင်ပါသလဲ။

  • စည်းနရီ ( နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး သုတေသီ)

အမျိုးသားလူထုဆိုတာ စိတ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဆက်နွယ်မှုကို ဆိုလိုပါတယ်။ အမျိုးသားလူထုလို့ ဆိုတဲ့နေရာမှာ နိုင်ငံအသီးသီးရဲ့ သတ်မှတ်မှုအပေါ် မူတည်ပြီး နိုင်ငံရေးအရ၊ ဘာသာရေးအရ၊ လူမျိုးအသားအရောင်အရ၊ နယ်မြေဒေသအရ ကွဲပြားနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အမျိုးသားလူထု ခံယူမှုဟာ Civic Nation ထက် Etho Nation အပေါ် ပိုပြီး အခြေခံပါတယ်။ အမျိုးသားလူထု တစ်ခုမှာ လူမျိုးစု တစ်ခုထက်မက ပါဝင်ပါတယ်။

နိုင်ငံသားဖြစ်မှုဟု ဆိုရာမှာ ဥပဒေအရ ဆက်နွယ်မှုကိုဆိုလိုပါတယ်။ လူမျိုးစုဆိုတာ ယဉ်ကျေးမှုနှင့် မျိုးရိုးအရ ဆက်နွှယ်မှုကို ဆိုလိုပါတယ်။ ဌာနတိုင်းရင်းသား ထိုဒေသနှင့် ဆက်နွယ်ပြီး ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံနှင့် စိတ်ဝိဉာဉ် ဆက်နွှယ်နေမှုကိုဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိမှာ ပြောနေတဲ့ အမျိုးသားလူထုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ ပြောတဲ့ အဓိပ္ပါယ်နဲ့ ဗမာလူထုက ပြောနေတဲ့အဓိပ္ပါယ်က ထပ်တူမကျနေဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။

၃။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ ဘယ်လောက် ကျယ်ဝန်းပါသလဲ။ ဒေါက်တာတေဇာဆန်း (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

တိုင်းပြည် ပြဿနာရဲ့ ရေသောက်မြစ်က အမျိုးသားတန်းတူရေး မရှိခြင်းနှင့် ဒီမိုကရေစီဆိတ်သုဉ်းခြင်းကြောင့် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ အမျိုးသားတည်ဆောက်မှု မလုပ်နိုင်ခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။ မတူကွဲပြားတဲ့ လူမျိုး၊ ဒေသ အပေါ် အခြေပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဖက်ဒရယ်လို့ ပြောရင် အရင်က ဗမာလူမျိုးနှင့်မဆိုင်ဘူးလို့ ထင်ခဲ့ပါတယ်။ သို့ပေမဲ့ လက်ရှိမှာတော့ အားလုံးနဲ့ ဆိုင်တယ်ဆိုတာ ပိုမိုသိမြင်လာကြပြီဖြစ်ပါတယ်။ အကယ်လို့ မတည်ဆောက်နိုင်ဘူးဆိုရင် မငြိမ်းချမ်းနိုင်သလို၊ ဆင်းရဲတွင်း နက်နေအုံးမှာ ဖြစ်ပါတယ်။

၄။  အမျိုးသားတန်းတူရေးရဖို့ ဘယ်အရာတွေကို ဖယ်ရှားပြီးတော့ ဘယ်အရာတွေကို စတင်အကောင်အထည် ဖော်ဖို့ လိုအပ်ပါသလဲ။

  • ဆလိုင်းပီတာထန်း ( ချင်းအမျိုးသားအဖွဲ့ချုပ်)

အများသဘောတူဆုံးဖြတ်ချက်ကိုအခြေခံပြီးဆုံးဖြတ်ခြင်းဟာ ဒီမိုကရေစီရဲ့အားနည်းချက် ဖြစ်ပါတယ်။ ပထမမြန်မာနိုင်ငံတော်ကနေ တတိယမြန်မာနိုင်ငံတော်အထိ ဗမာဗဟိုပြုနိုင်ငံရေးကို အခြေခံပြီး တည်ဆောက်ခဲ့ကြတာဖြစ်ပြီး စစ်ရှုံး၊ ပဏ္ဍာဆက်နိုင်ငံများမှ လူမျိုးတွေကို ဒုတိယတန်းစားလူမျိုးစု အနေနဲ့ ဆက်ဆံခဲ့တာ ဖြစ်ပါတယ်။

စတုတ္ထမြန်မာနိုင်ငံတော်လို့ ခေါ်တွင်နိုင်တဲ့ လက်ရှိမြန်မာနိုင်ငံတော်ဟာ ပင်လုံစာချုပ်ကို အခြေပြုပြီး တည်ဆောက်ထားပေမဲ့ ဗမာနိုင်ငံရေးအတွေးအခေါ်၊ ဗမာဗဟိုပြုစဉ်းစားချက်သာ ရှိနေပြီး ပြည်တစ်ခုချင်းစီရဲ့ နိုင်ငံအပေါ် ပိုင်ဆိုင်ခွင့် တန်းတူဖြစ်ခြင်းအပေါ်  တိတိပပလက်မခံနိုင်သေးပါဘူး။

  • စည်းနရီ ( နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး သုတေသီ)

အမျိုးသားတစ်ခုချင်းစီအလိုက် နိုင်ငံရေးအရ အနှောက်အယှက်မခံပိုင်ခွင့်၊ ကိုယ်ပိုင်ပုံစံများကို တည်ဆောက်ပိုင်ခွင့်၊ နယ်မြေကန့်သတ်မှု နိုင်ငံရေးအဆင့်အတန်း သတ်မှတ်ပိုင်ခွင့်တွေရရှိဖို့ လိုအပ်ပါတယ်။

  • မယဉ်ညိုသိမ့် (အမျိုးသမီးမဟာမိတ်အင်အားစု)

အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒကို ဖြိုချရမှာ ဖြစ်ပြီး အမျိုးသားလူထုညီညွတ်ရေးကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားတန်းတူရေး၊ လူ့အခွင့်အရေးနှင့် အခွင့်အလမ်းအရ တန်းတူ ရရှိပိုင်ခွင့်ရှိရပါမယ်။

၅။ ထိုပဋိပက္ခပြဿနာအစုစုကို ဖြေရှင်းပေးနိုင်ဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။ ဒေါက်တာတေဇာဆန်း (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

နှစ်ပေါင်းခုနစ်ကျော် လွဲမှားခဲ့တဲ့ နိုင်ငံရေးစနစ် တည်ဆောက်မှုကြောင့် ပြည်တွင်းစစ်ကို ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ အာဏာရှင်စနစ်မျိုးစုံ ချုပ်ငြိမ်းပြီး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ လိုအပ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ အဆုံးသတ်တိုက်ပွဲ ဖြစ်ဖို့လိုအပ်ပါတယ်။ သို့မှသာ လူသားအားလုံး ငြိမ်းချမ်းသာယာမှာ ဖြစ်ပါတယ်။

  • မယဉ်ညိုသိမ့် (အမျိုးသမီးမဟာမိတ်အင်အားစု)

လူမျိုးကြီး ဝါဒကို ဖြိုချဖို့ လိုအပ်ပါတယ်။ လူအားလုံး တရားဥပဒေရှေ့မှောက်မှာ တန်းတူအကာအကွယ် ရရှိနိုင်ရမည်။ အခွင့်အရေးအရ တန်းတူရရှိရမည်။ တူညီတဲ့ အခြေအနေအောက်မှာ တူညီစွာ ဆက်ဆံခံပိုင်ခွင့်ရှိရမည်။ တစ်ဦးချင်းအခွင့်အရေးနှင့် အုပ်စုလိုက်အခွင့်အရေးကို မျှခြေဖြစ်စေရမည်။ အမျိုးသားဝိသေသလက္ခဏာများကို ခိုင်မာအောင် တည်ဆောင်နိုင်ရပါမယ်။ လူတစ်စုရဲ့ စစ်တပ်ကနေ ဖက်ဒရယ်စစ်တပ်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒုတိယပိုင်း – နိုင်ငံရေးပြဿနာများအတွက် အဖြေရှာဖွေချက်များ

၁။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် လက်ရှိအချိန်မှာ ဘယ်လိုအခြေခံမူဝါဒ၊ စည်းဘောင် တွေကို တည်ဆောက်ထားဖို့လိုပါသလဲ။ ဘာတွေ တည်ဆောက်ထားပြီးပြီလဲ။

  • ဒေါက်တာတေဇာဆန်း (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးအတွက် မျှော်ရည်ချက်တွေကို ရေးဆွဲပြဌာန်းထားတာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလ၊ အသွင်းကူးပြောင်းရေးကာလအစီအမံအတွက် မူကြမ်းတွေ ရေးဆွဲထားဖို့ ကြိုးပမ်းနေပါတယ်။

ဆလိုင်းပီတာထန်း ( ချင်းအမျိုးသားအဖွဲ့ချုပ်)

နိုင်ငံရေးတည်ဆောက်မှုမှာ နိုင်ငံရေးခံယူချက်ကို အရင်ဆုံး ခိုင်ခိုင်မာမာတည်ဆောက်ဖို့ လိုပါတယ်။ လုပ်ငန်းစဉ်မှာ ပြဿနာ ဖြစ်နေတာ မဟုတ်ပါဘူး။ နိုင်ငံသားအခွင့်အရေးနှင့်် အမျိုးသားအခွင့်အရေး ၊ အမျိုးသားတစ်ခုအနေနဲ့ အမျိုးသားအခွင့်အရေးကို အပြည့်အဝ ရရှိဖို့ လိုအပ်ပါတယ်။ ဒေသအသီးသီးမှာ အာဏာရှင်စနစ်ကို တိုက်ခိုက်ဖြိုချသွားမှာ ဖြစ်ပါတယ်။ ခက်ခဲတဲ့အပိုင်းက ပြည်ထောင်စုကိုတည်ဆောက်တဲ့အပိုင်းပါ။

ပြည်နယ်တွင်းကိစ္စရေးရာကို ပြည်တွင်းရေးရာအနေနဲ့ ရှုမြင်ပြီးတော့ ဝင်မစွက်ဖက်ဖို့ လိုပါတယ်။ လက်နက်နဲ့မဟုတ်ဘဲ လူ့အခွင့်အရေးကို အခြေခံပြီး တိုင်းပြည်ကို တည်ဆောက်ဖို့ လိုပါတယ်။

၂။ ဗဟုအမျိုးသားဖြစ်တည်မှုကို အသိအမှတ်ပြုပေးနိုင်ဖို့အတွက် ဘယ်ဖက်ဒရယ်စနစ်ကို အသုံးပြုလို့ ရနိုင်ပါ သလဲ။

  • စည်းနရီ ( နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး သုတေသီ)

အမျိုးသားလူထုတိုင်းမှာ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရှိပါတယ်။ ထိုအမျိုးသားလူထုထဲမှာ ပါဝင်နေတဲ့ နိုင်ငံရေးနိုးကြားလာတဲ့ လူမျိုးစုတွေကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့လိုအပ်တယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အချိန်မှာ အမျိုးသားလူထုတိုင်းအနေနဲ့  Internal Self determination ကို အာမခံပေးဖို့ လိုပါတယ်။ သို့မှသာ အားလုံးအတွက် အဆင်ပြေနိုင်မဲ့ တိုင်းပြည်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

  • မယဉ်ညိုသိမ့် (အမျိုးသမီးမဟာမိတ်အင်အားစု)

လက်ရှိမြန်မာနိုင်ငံအနေအထားကို ထည့်သွင်းစဉ်းစားပြီးတော့ ဖက်ဒရယ်ကို တည်ဆောက်ရမှာဖြစ်ပါတယ်။ တစ်ဦးချင်းအခွင့်အရေးနှင့် အုပ်စုလိုက်အခွင့်အရေးကို မျှခြေဖြစ်အောင် လုပ်ပြီး လူများစုအခွင့်အရေးအပါအဝင် လူနည်းစုအခွင့်အရေးကိုလည်း ကာကွယ်ပေးရပါတယ်။ သမိုင်းကြောင်း၊ ပြည်တွင်းရေးအပါအဝင် နိုင်ငံတကာအရေးကိုပါ ထည့်သွင်းစဉ်းစားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မဲ့စနစ်တစ်ခုကို တည်ဆောက်ရမှာဖြစ်ပါတယ်။

၃။ တစ်ဦးချင်းအခွင့်အရေးနဲ့ အုပ်စုအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်ဖို့အတွက် လူများစုနှင့် လူနည်းစု အကြား သာတူညီမျှမှုကို ဘယ်လို တည်ဆောက်နိုင်ပါဘလဲ။

  • ဆလိုင်းပီတာထန်း ( ချင်းအမျိုးသားအဖွဲ့ချုပ်)

နိုင်ငံတစ်ခုတည်ဆောက်ရာမှာ တစ်ဦးချင်းရပိုင်ခွင့်နှင့် အုပ်စုအခွင့်အရေးတွေကို အာမခံပေးနိုင်ဖို့လိုပါတယ်။ ထိုအခွင့်အရေးနှစ်ခုဟာ အတူယှဉ်တွဲရရှိနိုင်ပါတယ်။ အမျိုးသားတိုင်းမှာ အမျိုးသားအခွင့်အရေးဖြစ်တဲ့ ဘာသာစကားသင်ကြားခွင့်၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားပေးဖို့ လိုပါတယ်။

၄။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အမျိုးသားလူထု တစ်ခုချင်းစီအနေနဲ့ ဘာတွေကို ပြင်ဆင်ထားဖို့ လိုအပ်ပါသလဲ။

  • စည်းနရီ ( နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး သုတေသီ)

အမျိုးသားလူထုတွေအနေနဲ့ အင်စတီကျူးတွေကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးနိုင်ဖို့အတွက် အမျိုးသားခေါင်းဆောင်တွေအနေနဲ့ အမျိုးသားလူထုထောက်ခံမှုရရှိဖို့ လိုပါတယ်။ သို့မှသာ ဟန်ချက်ညီတဲ့ အမျိုးသားနိုင်ငံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

၅။ နွေဦးတော်လှန်ရေးအတွက် တော်လှန်ရေးအင်အားစုပေါင်းစုံပါဝင်နိုင်မဲ့ နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုနည်းနဲ့ ဖော်ဆောင်နိုင်မလဲ။

  • ဒေါက်တာတေဇာဆန်း (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

အာဏာရှင်စနစ်၊ ဗဟိုကြီးစိုးရေးဝါဒများကို ဖြိုချပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာ တလှေတည်းမစီးနိုင်သေးပေမဲ့ တခရီးတည်းသွားသူတွေချင်းအနေနဲ့ ပိုမိုစည်းလုံံးပြီး ညီညွတ်ဖို့လိုပါတယ်။

  • ဆလိုင်းပီတာထန်း ( ချင်းအမျိုးသားအဖွဲ့ချုပ်)

အမျိုးသားလူထုအသီးသီးအနေနဲ့ တမျိုးသားလုံးအနေနဲ့ ဘာတွေ လိုချင်လဲဆိုတာကို အရင်ဆုံး ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ပြီးနောက်မှာ အမျိုးသားလူထုအကြား လိုလားချက်တွေကို ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ပြီးတော့မှာ ပဏာမသဘောတူညီချက်တွေ အရင်ယူပြီးမှ နောက်ပိုင်းမှာအသေးစိတ် ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။ အမျိုးသားတစ်ခုတွင်းရေးရာကိစ္စတွေကိုလည်း အခြားအမျိုးသားတွေကို ဝင်ရောက်မစွက်ဖက်ဖို့ လိုပါတယ်။