• Today is: Sunday, May 19, 2024

၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်း

၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်း

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသည့် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်ကြောင်း NUG က ထုတ်ပြန်ထားသည်။

“၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပြဌာန်းရခြင်း ရည်ရွယ်ချက်များ”

၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား အောက်ပါရည်ရွယ်ချက်များဖြင့် ပြဌာန်းလိုက်ပါသည်။

၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မတိုင်မီ ၂၀၂၁ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို မဖြစ်မနေ ပြဌာန်းနိုင်ရေး။

၂။ အမျိုးသားညီညွတ်ရေးအစိုးရမှ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဓိက လိုအပ်လျက်ရှိသည့် ဘဏ္ဍာရန်ပုံငွေများကို အခွန်ထမ်းပြည်သူများ ကိုယ်တိုင် လိုလားစွာ ပေးဆောင်နိုင်သည့် အခွန်နှုန်းထားများနှင့် အညီ ကောက်ခံရရှိနိုင်ရေး။

၃။ ပြည်သူလူထုအပေါ် အဓိက ဝန်ထုတ်ဝန်ပိုးမဖြစ်စေမည့် အခွန်နှုန်းထားများကို ခေတ်ကာလ အခြေအနေ နှင့်လျော်ညီစွာ ပြဌာန်းပြီး ပြည်သူနှင့်အတူ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်စေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်လိုအပ်ချက်ကို ပြည်သူများလိုလားစွာ ထမ်းဆောင်သည့် အခွန်ဘဏ္ဍာရန်ပုံငွေများဖြင့် စနစ်တကျ သုံးစွဲနိုင်ရေး။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Download here https://www.mediafire.com/…/Union+Taxation+Law…/file

မူရင်းလင့် ဖတ်ရှုနိုင်ရန် https://www.facebook.com/NUGmyanmar/posts/193493872871252

————————————————————————————————————————-

ပြဌာန်းလိုက်သည့် ဥပဒေ အရ NUG အစိုးရကို အခွန်ဆောင်နိုင်ရန်

ဝင်ငွေခွန် နှုန်းထား ဖော်ပြချက်များအရ

၁။ လစာဝင်ငွေခွန်

လစာ တစ်လကို ၁၀ သိန်း ဒါမှမဟုတ် တစ်နှစ်လစာဝင််ငွေ သိန်း ၁၂၀ ကျော်ရရင် ဝင်ငွေခွန်ဆောင်ရမည်။

တစ်နှစ် လစာဝင်ငွေ သိန်း ၁၂၀ မကျော်ရင် ဆောင်စရာ မလို။ အခြေခံသက်သာခွင့် ၂၀% (အများဆုံး သိန်း ၁၀၀) နဲ့ တစ်နှစ်လစာဝင််ငွေ သိန်း ၁၂၀ ကျော်ရရင် မိဘတစ်ဦးစီအတွက် သိန်း ၂၀ စီ၊ အိမ်ထောင်ဖက် တစ်ဦးအတွက် သိန်း ၂၀နဲ့ သား၊ သမီး တစ်ဦးစီအတွက် ၁၀ သိန်းစီ နုတ်ခွင့်ပြုထားသည်။

ကျန်တဲ့အသားတင် ဝင်ငွေအပေါ်မှာ

ပထမ သိန်း ၂၀ ကို ၀%

ဒုတိယ သိန်း ၁၈၀ ကို ၅%

တတိယ သိန်း ၃၀၀ ကို ၁၀%

သိန်း ၅၀၀ အထက်ရသောငွေကို ၁၅%

တို့နဲ့ အသီးသီးစည်းကြပ်ပေးဆောင်ရပါမယ်။

၂။ ပြည်ပနေနိုင်ငံသားရဲ့ လစာမဟုတ်တဲ့ အခြားဝင်ငွေအပေါ်မှာ ၅%နဲ့ စည်းကြပ်ပေးဆောင်ရမည်။

၃။ စီးပွားရေးလုပ်ငန်းမှရတဲ့ အမြတ်ဝင်ငွေပေါ်မှာ ၁၀% နဲ့ စည်းကြပ်ပေးဆောင်ရပါမည်။

၄။ အိမ်ငှားခဝင်ငွေထဲက အခြေခံသက်သာခွင့် ၂၀% (အများဆုံး သိန်း ၁၀၀) နဲ့ တစ်နှစ်လစာဝင််ငွေ သိန်း ၁၂၀ ကျော်ရရင် မိဘတစ်ဦးစီအတွက် သိန်း ၂၀ စီ၊ အိမ်ထောင်ဖက်တစ်ဦးအတွက် သိန်း ၂၀နဲ့ သား၊ သမီး တစ်ဦးစီအတွက် ၁၀ သိန်းစီ နုတ်ခွင့်ပြုပြီး ကျန်တဲ့အသားတင်ဝင်ငွေအပေါ်မှာ ၁၀% နဲ့ စည်းကြပ် ပေးဆောင် ရပါမည်။

၅။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီမှအပ အခြေပစ္စည်းမြတ်စွန်းငွေအပေါ်မှာ ၁၀% နဲ့ စည်းကြပ်ပေး ဆောင်ရ ပါမယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီဆိုရင်တော့ အရင်နှုန်းထားတွေနဲ့ စည်းကြပ်ပေးဆောင်ရပါမည်။

၆။ ကုန်သွယ်ခွန် မရှိတော့ပါဘူး။

၇။ ကျောက်မျက်ရတနာခွန်က ၅% နဲ့ စည်းကြပ်ပေးဆောင်ရပါမည်။

၈။ အထူးကုန်စည်ခွန်ကတော့ ပုဒ်မ (၁၁) ပုဒ်မခွဲ က ပုဒ်မခွဲငယ် ၃ ပါ ဇယားအတိုင်း စည်းကြပ်ပေးဆောင်ရပါမည်။

အထူးကုန်စည်ခွန် – ၄၁၅.၀၈၂ ထရီလျံ

ကျောက်မျက်ရတနာခွန် – ၁.၁၅၅ ထရီလျံ

နွေဦးထီ – ၁၀၁.၄၄၀ ထရီလျံ

ဝင်ငွေခွန် – ၉၂၆.၂၂၈ ထရီလျံ

စုစုပေါင်း – ၁,၄၄၃.၉၀၅ ထရီလျံ ရရှိဖို့မှန်းထားသည်ကို တွေ့ရသည်။

“အခွန်ပေးဆောင်ဖို့ကတော့ မိမိကိုယ်တိုင်စည်းကြပ်တဲ့စနစ်တဲ့ကောက်မှာဖြစ်တဲ့အတွက် ကျသင့်တဲ့အခွန် ကိုယ့်ဖာသာတွက်ပြီး ပေးဆောင်ရမှာပါ။ ကိုယ်ယုံကြည်တဲ့အစိုးရကို ကိုယ့်ဖာသာရွေးချယ်ပေးဆောင်ရုံပဲမို့လို့ မိမိသဘောသာ ဖြစ်ပါတယ်။ ဘယ်အစိုးရမှ အခွန်မဆောင်ဘူးဆိုရင်လည်း မိမိသဘောပါပဲ။ အစိုးရ (၂) ခုလုံးကို ဆောင်မယ်ဆိုရင်လည်း မိမိသဘောပါပဲ။ ကိုယ့်ရွေးချယ်မှုရဲ့ အကျိုးဆက်တွေကို မိမိကိုယ်တိုင်သုံးသပ် ဆင်ခြင်ပြီး မှ အခွန်ဆောင်ကြဖို့ပဲ” ဟု ပြည်သူတဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် တိုက်တွန်းထားသည်။