• Today is: Friday, May 17, 2024

နိုင်ငံရေးနဲ့ ပျောက်ကြားသပိတ်

“နိုင်ငံရေးနဲ့ ပျောက်ကြားသပိတ်”

နိုင်ငံတဝှမ်းလုံးမှာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်အာဏာရူးတွေရဲ့ အဆုံးစွန်ဆုံး ဆိိုးဝါးယုတ်မာမှု  တွေကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အချိန်အခါမှာ လူငယ်တွေ ၊ ကျောင်းသားတွေ ဦး ဆောင်မှုနဲ့ အသက်ဝင်နေတဲ့ ပျောက်ကြားသပိတ်မှောက်လှုပ်ရှားမှုတွေနဲ့ အခါအားလျော်စွာ လူထုတရပ်လုံး ပါဝင်တဲ့ ( silent strike  ) လိုမျိုး အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ နေရာဒေသမျိုးစုံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေရဲ့ အခြေအနေ – ကို ဘယ်လိုရူမြင်ကြသလဲဆို အင်မတန်အရေးကြီးတဲ့ မေးခွန်းတခုဖြစ်တယ် ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အာဏာကို စစ်တပ်က လက်နက်ကိုင် အကြမ်းဖက် သိမ်းယူခဲ့ပြီး ရက်အနည်းငယ်မှာပဲ ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့တယ် ၊ မကြာခင်အချိန်အတွင်းမှာ လူထု လူတန်းစားပေါင်းစုံပါဝင်လာခဲ့ပြီး ၊ စစ်အာဏာသိမ်းမှုကို တောရောမြို့ ပါမကျန် ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်မှုတွေကို ( နည်းလမ်းအသွယ်သွယ်နဲ့ – လက်နက်ကိုင်နည်းမပါသေး ) ဖော်ထုတ်လာခဲ့ကြတယ် ၊။

ဒီအခါ စစ်အာဏာရူးနဲ့ သူ့လက်ပါးစေတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူထုကို လက်နက်ကိုင် အကြမ်းဖက် ပြီး သတ်ဖြတ်နှိမ်နင်းမှုတွေ ပြုလုပ်လာခဲ့တယ်၊ တဖြေးဖြေးနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်နက် ကိုင်သတ်ဖြတ်မှု တွေနဲ့ ဖမ်းဆီးမှုတွေ ပိုမိုပြင်းထန်လာခဲ့တဲ့အတွက် ပြည်သူလူထုသေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေ ဟာ အချိန်တို အတွင်းမှာ တရှိန်ထိုးမြင့်တက်လာခဲ့ပြီး ၊ လှုပ်ရှားဆန္ဒပြမှုတွေမှာလည်း အသက်အရွယ် ကြီးရင့် သူတွေ ပါဝင်မှု လျော့ကျလာခဲ့တယ် ၊ လူငယ်တွေနဲ့ ကျောင်းသား တွေက တော့ ဇွဲကောင်းကောင်းနဲ့ ဆက် လက်ပြီး လှုပ်ရှား ခဲ့ကြတယ် ။

 ဒီအတွက်လည်း မြို့ပြလမ်းတွေပေါ်မှာ လက်နက်မျိုးစုံကိုင်ဆောင်ထားတဲ့ စစ်အာဏာရူး လက်ပါးစေ တွေနဲ့ လက်နက်မဲ့ ကျောင်းသားလူငယ်တွေဟာ ထိပ်တိုက်တိုး အဓိကရုန်းပုံစံတွေ ပြောင်းလဲလာခဲ့တယ်၊ မြို့ ပြလမ်း တွေပေါ်မှာ ၊ ကျောင်းတွေမှာ ဆေးရုံတွေမှာ ၊ ရပ်ကွက်တွေမှာ ဘုရားကျောင်းကန်တွေမှာ နေရာမျိုးစုံမှာ စစ်အာဏာရူးလက်ပါးစေ တွေရဲ့ အော်ဟစ်ဆဲဆို ကြိမ်းမောင်းသံ၊ ခြိမ်းခြောက်သံ ၊ သေနတ်သံတွေနဲ့ ကျောင်း သားတွေ ၊ လူငယ်တွေရဲ့ မကြောက်တရားနဲ့ ကြွေးကြော်သံတွေ၊ လူထုရဲ့ ငိုကြွေးသံတွေ တနိုင်ငံလုံးမှာ ဆူ ပွက်နေခဲ့ပြီး ၊ အပြစ်မဲ့ ပြည်သူတွေရဲ့သွေးဟာ ချောင်းစီးခဲ့ရတယ် ။

ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုတွေကို လအတော်ကြာအောင် အသေခံ ၊ အဖမ်းဆီးခံနဲ့ ဖြတ်သန်းခဲ့ကြ ပြီးတဲ့တဖက်မှာတော့ လူထုရဲ့ ရင်ထဲမှာ စစ်အာဏာရူးအုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ဖို့ တော်လှန်ဖို့ ဆုံးဖြတ်ချက်ကို ကျစေခဲ့သလို စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန်ဆွဲနုတ်ဖို့ ခိုင်မာတဲ့ ပိုင်းဖြတ်မှုကို ဖြစ်ပေါ်စေခဲ့တယ် ၊ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးတရပ်ကို စတင်လုပ်ဆောင်လာခဲ့ကြတယ် ၊ သို့သော်လည်း ကျောင်းသားသမဂ္ဂတွေနဲ့ သပိတ်ကော်မတီတွေကတော့ မြို့ပြနိုင်ငံရေးတိုက်ပွဲကို ဆက်လက် ဦးဆောင်ခဲ့ကြတယ် ။

ကျောင်းသားတွေ လူငယ်တွေဟာ စစ်အာဏာရူးတွေဖက်က ဖိနှိပ် ရက်စက်မှုတွေ ပိုမို မြင့်တက် လာခဲ့ပြီး ကြမ်းကြုပ်လွန်းတဲ့ ဖြိုခွဲမှုတွေကို ဆက်တိုက် ဆိုသလို ကြုံတွေ့လာခဲ့ကြရပြီးတဲ့ နောက်မှာတော့ ၊ ပုံမှန် သပိတ်မှောက် ချီတက်ဆန္ဒပြမှုမျိုးတွေကို ပုံဖော်ဖို့ တစထက်တစ ခက်ခဲလာခဲ့တယ် ၊ ဒါကြောင့်လည်း လူ ထုရဲ့ ပူးပေါင်းပါဝင်မှု ပုံသဏ္ဍာန် ( အထိအခိုက်အနည်းဆုံးနဲ့ ပါဝင်နိုင်မှု ) တွေကို ပြောင်းလဲ ပုံဖော်လာခဲ့ပြီး ၊ ချီ တက် သပိတ်မှောက်တဲ့ အသွင်တွေကိုလည်း နည်းဗျူဟာပြောင်းလဲ လှုပ်ရှားလာခဲ့ကြပါတယ် ၊ ဒါဟာ လှုပ်ရှား မှုကို အဆက်မပြတ်ဖြစ်ပေါ်စေနိုင်ခဲ့သလို ၊ စစ်အာဏာရူးတွေအတွက် ကြီးမားတဲ့ နိုင်ငံရေး အကျပ်အတည်း ( နိုင်ငံတကာပုံရိပ်များ ဇောက်ထိုးကျဆင်းစေတဲ့အထိ ) များကို ဖြစ်ပေါ်စေခဲ့ပြီး ၊ တဖက်မှာလည်း အုပ်ချုပ်ရေး ယန္တရားကို ချောချောမွေ့မွေ့ မလည်ပတ်နိုင်ခဲ့ ( အာဏာသိမ်းချိန်မှစပြီး ယနေ့ တနှစ်နီးပါးကြာသည်အထိ ) စေ တဲ့ အခြေအနေကို တွန်းပို့နိုင်ခဲ့ပါတယ်။

ဒါတွေကို ဆက်လက်သယ်ဆောင်ဖို့ ကျိုးစားနေတာဟာ ပျောက်ကြားသပိတ်တွေပဲဖြစ်တယ်၊ သူတို့ဟာ ဒီတာဝန် ကို ကျောင်းသားတွေ လူငယ်တွေဟာ ကိုယ်ပိုင် အသိစိတ်တွေ ၊ ဆုံးဖြတ်ချက်တွေနဲ့ မောင်းနှင်နေကြ တာဖြစ် တယ်။

ဘာကြောင့် သူတို့ဒီအလုပ်ကို လုပ်နေကြပါသလဲဆိုတာဟာ အင်မတန်အရေးကြီးတဲ့နားလည် ထားရမဲ့ အချက် တခု ဖြစ်တယ် ။           

လူငယ်တွေအနေနဲ ့သပိတ်မှောက်လှုပ်ရှားမှုတွေကို ဆက်လုပ်နေ ကြတာဟာ မြေပေါ် နိုင်ငံ ရေး လှုပ်ရှားမှုတွေ သေသွားမှာကို စိုးရိမ်တွက်ဆကြသလို ၊ လူထုရဲ့စိတ်မှာ ဖြစ်တည် ပြီးသား နိုင်ငံရေး ရေချိိန် နိမ့်ကျသွားမှာနဲ့ စကစ အပေါ် ရှိနေတဲ့ ဆန် ့ကျင်နာကျည်းစိတ်တွေ သွေးအေးသွားမှာကို မလိုလားလို့ပဲ ဖြစ်တယ်၊ သူတို့ရဲ့ အန္တရာယ်နဲ့ ပေးဆပ်ရမှာကို ကြိုတင်တွက်ဆထားကြပြီးဖြစ်သလို ၊ အခြေအနေအား လုံး နဲ ့ပတ်သက်လို ့လည်း အဆုံး စွန်ဆုံး ပိုင်းဖြတ်ထားကြပြီး ဖြစ်တယ် ။

ဒီလိုလှုပ် ရှားမှုတွေ ဖြစ်ပေါ်လာ နိုင်ဖို့ရာ အဓိက မောင်းနှင်အားဖြစ်တဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ သပိတ် ကော်မတီ တွေရဲ့ အခန်းကဏ္ဍကိုလည်း အလေးထားရမှာဖြစ်တယ် ။

ပျောက်ကြားသပိတ်တွေရဲ့ ရည်ရွယ်ချက်ဟာ ပုံမှန်လူထု ဆန္ဒပြပွဲတွေ မပြုလုပ်နိုင်တော့တဲ့ အခြေအနေနဲ့ ပြုလုပ်ဖို့ အရမ်းအန္တရာယ်များလာတဲ့အချိန်မှာ နည်းဗျူဟာအရ ဆက်လက်တိုက်ပွဲဝင်ဖို့ကို အဓိကထား ပုံဖော် ခြင်းဖြစ်တယ် ၊ ပျောက်ကြားသပိတ်တွေလုပ်တဲ့အခါ လူအုပ်စုတခု ( အရေအတွက် အနည်းငယ်သာပါဝင် သည့် အုပ်စု ) အနေနဲ့ မမျော်လင့်သောနေရာ ၊ အချိန်မှာ သူတို ့ပေးချင်တဲ့ သတင်းစကားကို ဆိုင်းဘုတ်များ ရေးသား ကိုင်ဆောင်ထားခြင်းနဲ ့အော်ဟစ်ကြွေးကြော်ခြင်းများကို လျပ်တပြက်အတွင်းလှုပ်ရှားကြခြင်းဖြစ်ပြီး ၊ လူစုကို ချက်ချင်းစု ၊ ချက်ချင်းခွဲ လုပ်ကြတဲ့ လှုပ်ရှားမှုမျိုးဖြစ်တယ် ၊ ဒါ့အပြင်လူစည်ကားရာနေရာတခုခု ( ဥပမာ – စျေး ၊ လမ်းဆုံ လမ်းခွ ၊ ဘတ်စ်ကားပေါ် ၊ မီးရထားပေါ် ၊ ကျောင်းအနီး ၊ ရုံးအနီး အစရှိသဖြင့် – – ) မှာ လူ ၃ – ၄ ယောက် ခန့်သာပါဝင်တဲ့ အစုအဖွဲ့နဲ့ လိုရင်းတိုရှင်း တရားဟောခြင်းမျိုး ၊ စာရွက်စာတမ်းများ လိုက်လံ ဝေငှခြင်းမျိုး ၊ ဆိုင်း ဘုတ်များရေးသားချိတ်ဆွဲခြင်း၊ ကြွေး ကြော်သံများ အော်ဟစ်ကာ ကိုယ်ယောင်ဖျောက်သွားခြင်းမျိုး စတဲ့ လှုပ်ရှားမှုများဟာလည်း ပျောက်ကြား သပိတ်အသွင်ကွဲများပဲဖြစ်ပါတယ် ။

ပျောက်ကြားသပိတ်တွေရဲ့ သဘောသဘာဝဟာ မြေအောက်လှုပ်ရှားမှုနဲ့မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုတို့ရော စပ်နေတဲ့ အလုပ်မျိုးဖြစ်တယ် ၊ ဒါကြောင့် လှုပ်ရှားမှုကို ဦးဆောင်နေသူတွေကော ပါဝင်လှုပ်ရှားကြ သူတွေပါ စိတ်ပိုင်း ကိုယ်ပိုင်း နှစ်ခုစလုံး ဖိစီးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ လှုပ်ရှားမှုမျိုးဖြစ်တယ် ၊ ရုပ်ဝတ္တုပိုင်း ဆိုင်ရာ လို အပ်ချက် မများပေမဲ့ ၊ ပိရိသေသပ်မှု ၊ ကြိုတင်တွက်ဆမှု ၊ လုံခြုံရေးကောင်းမွန်တဲ့ ဆက်သွယ်ရေးမျိုး ရှိဖို့နဲ့ လှုပ်ရှားနေရာ ရွေးချယ်မှု ၊ လှုပ်ရှားမဲ့လူအင်အားတွက်ဆမှု ၊ ရန်သူလှုပ်ရှားမှုကို ခန့်မှန်းတွက်ဆမှု တွေအပြင် စိတ်လှုပ်ရှားမှုကို ထိန််းချုပ်နိုင်မှုနဲ့ အကန့်အသတ်သဘောတရားတွေကို နားလည် ဆုပ်ကိုင်ထားရ တာဖြစ် တယ် ၊ ဒါဟာ သီအိုရီနဲ့လက်တွေ့ပိုင်းကို ပေါင်းစပ်လုပ်ဆောင်ကြရတဲ့ အလုပ်မျိုးဖြစ်ပြီး၊ အခုဆို လှုပ်ရှားမှုကို ဦးဆောင်နေသူတွေသာမက ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်တွေ၊ ကျောင်းသားတွေအားလုံးမှာ လုံလောက်တဲ့ အတွေ့အကြုံတွေရှိနေကြပြီဖြစ်တယ် ။

ဒါပေမဲ့ သူတို ့မှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရဆဲပဲဖြစ်တယ်၊ သူတို့ရဲ့သမရိုးကျ နေ့စဉ် ဘဝတွေကို စွန့်ပစ်လိုက်ရသလို မိသားစုနဲ့လည်း ခွဲခွာနေကြရတယ် ၊ ငွေကြေးအခြေအနေအရ ကျပ်ကျပ် တည်းတည်း သုံးစွဲ နေရသလို၊ စားရေးသောက်ရေးမှာလည်း ခြိုးခြံချွေတာ တဲ့အဆင့်ကနေ တခါတရံ မလုံလောက်တဲ့ နေ့ရက်မျိုး တွေကို ဖြတ်သန်းနေကြရတယ် ။

အဓိက အခက်အခဲအနေနဲ့က နေရေးထိုင်ရေး ကိစ္စတွေမှာ ပိုမိုကြုံတွေ့နေကြရတယ်၊ လုံခြုံရေး သဘောအရ ဖြန့်ကျက်နေထိုင်ဖို့ လိုအပ်ပေမဲ့၊ ငှားရမ်းဖို ့အတွက် သာမာန်ကာလတွေမှာလို မလွယ်ကူတော့သလို ၊ အဆင် ပြေမဲ့ နေရာမျိုးနဲ့ ကိုယ့်စိတ်ကြိုက်ဖြစ်မဲ့ နေရာမျိုးတွေကို ရဖို့ ရာလုံးဝမလွယ်ကူတော့တဲ့ အခြေအနေကို ရင်ဆိုင် ကြရတာပဲဖြစ်တယ် ။

စကစရဲ့တရားလက်လွတ် ဖမ်းဆီးမှုနဲ့ပိုင်ဆိုင်မှုတွေကို လက်နက်ကိုင်လုယူ သိမ်းဆည်းမှုတွေ ပြုလုပ်လာပြီး တဲ့ နောက်ပိုင်းကစလို့ အိမ်ပိုင်ရှင်တွေဟာလည်း ၊ ယခင်ကာလတွေတုန်းကလို လွယ်လွယ်ကူကူနဲ့ ငှားရမ်းမှုတွေ မလုပ်ကြတော့သလို၊ တဖက်မှာတော့ ငှားရမ်းခတွေကလည်း ခုန်တက်သွားခဲ့ပါတယ်။

ပျောက်ကြားသပိတ်တွေဖြစ်လို့ ငွေကုန်ကြေးကျ မများဘူးလို ့ထင်ရပေမဲ့ သွားလာလှုပ်ရှားမှု၊ ဆက်သွယ်ရေး အတွက်နဲ့လိုအပ် တဲ့ ပစ္စည်း ကိရိယာတွေအတွက်တော့ အဖြစ်မနေသုံးစွဲနေကြရပါတယ်။

ဒီနေရာမှာ တခုနားလည်ထားရမှာက ပျောက်ကြားသပိတ်ကို လှုပ်ရှားဖော်ဆောင်နေကြတဲ့ လူငယ်ကျောင်းသား တိုင်းဟာ တချိန်က နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ် ၊ သို့သော်လည်း သူတို့ ဖြတ်သန်း ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ ခေတ်ရဲ့တောင်းဆိုမှုကြောင့် ခေတ်ရဲ့ တာဝန်ကို ပုခုံးထမ်းနေကြသူ တွေသာဖြစ်တယ် ဆိုတာပဲဖြစ်တယ်၊ လက်နက်မျိုးစုံ၊ နည်းမျိုးစုံနဲ့အကြမ်းဖက် ဖမ်းဆီး ၊ သတ် ဖြတ်နေသူတွေကို လက်ဗလာ ယုံကြည်ချက် သက်သက်နဲ့ ရင်ဆိုင်နေတာ တကယ်တော့ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး ၊ နိုင်ငံရေးအရ ရူမြင်တဲ့အခါ ပေးဆပ်မှု သက်သက်နဲ့တိုက်ပွဲကိုနိုင်အောင်တိုက်ဖို့၊ အဆုံးသတ်ထိသွားဖို့ကျိုးစား နေတဲ့ အင်မတန် မြင့်မြတ်တဲ့ နိုင်ငံရေးလှုပ်ရှားမှု နည်းလမ်းတခုဖြစ်တယ် ။

ဒီလှုပ်ရှားမှုတွေဟာ စီအာပီအိပ်ချ်နဲ ့အင်ယူဂျီတွေအတွက် အရမ်းအရေးကြီးတဲ့ နိုင်ငံရေး အရ အ ထောက်အပံ့ဖြစ်စေ တယ် ၊ နိုင်ငံတကာအမြင်မှာ အကြမ်းမဖက် လူထုဆန္ဒဖော်ထုတ်နည်း ဖြစ်လို ့ထောက်ခံမှု ပိုရစေတဲ့ အပြင် စက စ အတွက် နိုင်ငံရေးအရ ပိုမိို အကျပ်ရိုက်စေတဲ့ အနေအထားကို ဖြစ်စေတယ် ။

ဒါကြောင့်လည်း ရန်သူဘက်က ပိုမိုဆိုးဝါးတဲ့ နည်းလမ်းတွေနဲ့နှိမ်နင်းချေဖျက်ဖို့ ကြိုးစားလာတာကို တွေ့နေရ တာဖြစ်တယ်။ ဒီအခြေအနေတွေကို ကြံ့ကြံ့ခံပြီး ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်တဲ့ လူငယ်တွေ ကျောင်းသား တွေမှာ အနာဂါတ်မျော်မှန်းချက်တွေနဲ ့ယုံကြည်ချက်ဟာ အင်မတန်ပီပြင်တယ် ခိုင်မာတယ်ဆိုတာကိုတွေ့နိုင် တယ်။

စစ်အာဏာရူးတွေရဲ့ အဆုံးစွန်ဆုံး ယုတ်မာ ရက်စက်တဲ့ ဖိနှိပ်မှုကြားထဲမှာ ပျောက်ကြားသပိတ်တခု လုပ်နိုင်ဖို့ရာ ကြိုတင် တွက်ဆဖို့ခက်ခဲလွန်းတဲ့ ပေးဆပ်မှုတွေနဲ့လှုပ်ရှားရတာဖြစ်တာကြောင့် အကျိုးဆက်အားဖြင့် နိုင်ငံရေး အရ အကျိုးအမြတ်ကို တင်ရယူတာမျိုး မဖြစ်စေပဲ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ကိုပါ အသက်ဝင်စေဖို့ကတော့ နိုင်ငံ ရေးအရ တာဝန်ရှိတဲ့သူတွေရဲ့ အလုပ်ပဲဖြစ်တယ် ။

မည်သို့ပင်ဆိုစေကာမှု စစ်အာဏာရူးတွေကို တော်လှန်တိုက်ဖျက်နေချိန််မှာ ကိုယ်ယုံကြည်ရာ ၊ ကိုယ်လုပ် နိုင်ရာကို ( ကိုယ်ကျိုးစွန့်ပြီး ) ဘယ်နေရာကနေဖြစ်ဖြစ် ပါဝင်နေသူတွေကို တန်ဘိုးထားတတ်ဖို့ရာ စစ်ဖိနပ် အောက်က လွတ်မြောက်လိုသူတိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။        ။

သက်ထွန်း ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၂၊ ၂၀၂၂